ရှေ့သို့
Image

ယူနိုက်တက်မှာပဲ ပွဲထွက်ခွင့်ရဖို့ ဆက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒါလော့

3:56 PM, 24 November

မန်ချက်စတာယူနိုက်တက် ခံစစ်မှူး ဒီယိုဂိုဒါလော့ကတော့ ယူနိုက်တက်မှာပဲ ဆက်နေပြီး သူ့ရဲ့နေရာအတွက် ဆက်လက်တိုက်ပွဲ ဝင်ချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ၂၂ နှစ်အရွယ် ကစားသမားဟာ အာရွန်ဝမ်ဘစ်ဆာကာကို မကျော်နိုင်ပဲ အသင်းမှာ နေရာပျောက်နေတာကြောင့် အီတလီကလပ်တွေဖြစ်တဲ့ ရိုးမားနဲ့ အေစီမီလန်တို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်မှာ အငှားကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲအထိ ကစားခွင့်ရခဲ့ပေမယ့် ယူနိုက်တက်ကို ပြန်ရောက်လာချိန်မှာတော့ အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြအိုလီဂန်နာဆိုးလ်ရှား ထုတ်ပယ်ခံလိုက်ရတာကြောင့် ဒါလော့ရဲ့ ကစားသမားဘဝက တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်ခြေ ရှိလာပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဒါလော့ဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပြီး အိပ်မက်က ဇာတ်ရုံကြီးမှာ သူ့ရဲ့အနာဂတ် ရှိသေးတယ်လို့ ယုံကြည်နေပါတယ်။ သတင်းတွေအရတော့ အခြားယာယီနည်းပြ သို့မဟုတ် အမြဲတမ်း နည်းပြသစ်တစ်ဦး ရောက်မလာမီ လက်ရှိယာယီနည်းပြ တာဝန်ယူထားတဲ့ မိုက်ကယ်ကာရစ် လက်အောက်မှာ ပွဲထွက်ခွင့် ရရှိဖို့အတွက် မျှော်လင့်နေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အင်္ဂါညက ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အရန်ခုံထိုင်ခဲ့ရပြီး လူစားဝင်ကစားခွင့် မရခဲ့ပါဘူး။ ဒါလော့ဟာ ဒီရာသီ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် တစ်ပွဲမှာ ပွဲထွက်ကစားခွင့် မရသေးသလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း ၂ နှစ်သာ သာ ကျန်ပါတော့တယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့