ရှေ့သို့
Image

ဗီလာရီးရဲလ်ကို ကာရစ်ရဲ့ ယူနိုက်တက် နိုင်ခဲ့ပြီးနောက် ဖာဒီနန်ကို လှောင်ခဲ့တဲ့ ကာရေဂါ

3:55 PM, 24 November

လီဗာပူးဂန္တဝင် ဂျေမီကာရေဂါကတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ နည်းပြဟောင်း ဆိုးလ်ရှားလိုမျိုးပဲ ယာယီနည်းပြ မိုက်ကယ်ကာရစ်ကိုလည်း အမြဲတမ်းနည်းပြအဖြစ် ခန့်သင့်တယ်ဆိုပြီး ရိယိုဖာဒီနန်ရဲ့ Ole at the wheel ဆိုတဲ့ နာမည်ကြီးစကားလုံးကို လှောင်ပြောင်လိုက်ပါတယ်။

တနင်္ဂနွေနေ့က နည်းပြဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရပြီးနောက် ကာရစ်က ယာယီနည်းပြအဖြစ်နဲ့ အသင်းကို ဆက်လက်တာဝန်ယူခဲ့ပြီး အင်္ဂါညက ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကာရစ်က ယူနိုက်တက်ရဲ့ ကာလရှည်နည်းပြ ဖြစ်လာစရာ အကြောင်းမရှိပေမယ့် ဆိုးလ်ရှားတုန်းကလည်း နည်းပြမော်ရင်ဟိုရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ရောက်လာပြီး ၃ နှစ်ကြာ တာဝန်ယူသွားခဲ့ပါတယ်။

၂၀၁၉ မတ်လတုန်းက ယူနိုက်တက်က အံံ့အားသင့်ဖွယ် ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ကနေ ထွက်ခွာစေခဲ့တဲ့ပွဲမှာ ဖာဒီနန်ပြောခဲ့တဲ့ စကား  “ယူနိုက်တက်ရေ ငါ့ကိုကျေးဇူးတင်စရာ မလိုပါဘူး ဒါပေမယ့် စာချုပ်ယူ စားပွဲပေါ်တင် သူ့(ဆိုးလ်ရှား)ကိုလက်မှတ်ထိုးခိုင်းလိုက်ပါ။ ပြီးရင်တောင်းသလောက် ပေးလိုက်၊ သူရောက်တာနဲ့ လုပ်ချင်တာလုပ်ခိုင်းလိုက်တော့လေ။ သူ့ကိုစာချုပ်ချုပ်လိုက်တော့ Ole’s at the wheel ပဲ၊ မန်ယူပြန်လာပြီကွ”က အရမ်းနာမည်ကြီးသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြန်မလာနိုင်တော့တဲ့အဆုံး နည်းပြဆိုးလ်ရှားကိုလည်း ထုတ်ပယ်လိုက်ရပါပြီ ဒါပေမယ့် ကာရေဂါက ဗီလာရီးရဲလ်နဲ့ပွဲအပြီးမှာတော့ လွန်ခဲ့တဲ့ ၂ နှစ်က ဖာဒီနန်ပြောခဲ့တဲ့ စကားကို ပြန်သုံးပြီး လှောင်ပြောင်ခဲ့ပါတယ်။

လီဗာပူးကြယ်ပွင့်ဟောင်းက “ယူနိုက်တက်ရေ ငါ့ကိုကျေးဇူးတင်စရာ မလိုပါဘူး ဒါပေမယ့် စာချုပ်ယူ စားပွဲပေါ်တင် သူ့(ကာရစ်)ကိုလက်မှတ်ထိုးခိုင်းလိုက်ပါ။ ပြီးရင်တောင်းသလောက် ပေးလိုက်၊ သူရောက်တာနဲ့ လုပ်ချင်တာလုပ်ခိုင်းလိုက်တော့လေ။ သူ့ကိုစာချုပ်ချုပ်လိုက်တော့ Carrick’s at the wheel ပဲ”ဆိုပြီး တွစ်တာမှာတင်ခဲ့တာ ဖြစ်ပါတယ်။

ကာရောဂါက လှောင်ပြောင်ခဲ့ပေမယ့်လည်း ကာရစ်အတွက်တော့ အစကောင်းခဲ့ပြီး ယူနိုက်တက်ကလည်း တစ်ဖက်မှာနည်းပြသစ် ရှာဖွေလျက်ရှိပါတယ်။ ဒါပေမယ့် ဘယ်နည်းပြဖြစ်မလဲဆိုတာကတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီကိုလည်း ယာယီနည်းပြရာထူးအတွက် ဆက်သွယ်ခဲ့သလို ၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကိုလည်း ချိတ်ဆက်နေပေမယ့် ရာသီကုန်မှ ဖြစ်လာဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #လီဗာပူး #ဖာဒီနန် #ကာရေဂါ #ကာရစ်