ရှေ့သို့
Image

ရော်နယ်ဒို၊ ဆန်ချိုတို့ရဲ့ ဂိုးတွေနဲ့ ဗီလာရီးရဲလ်ကို ဝ-၂ နဲ့ နိုင်တဲ့ပွဲက ပြောစရာအချက် ၅ ချက်

11:29 AM, 24 November

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက်က ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမတိုင်မီ နည်းပြအိုလီဂန်နာဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရပြီးနောက် ပေါလ်စကိုးက နော်ဝေသားကို ထုတ်လိုက်လို့လည်း အသင်းက ပြောင်းလဲသွားတာ မရှိဘူးဆိုပြီး ဝေဖန်ခဲ့ပါသေးတယ်။

အစောပိုင်းပွဲချိန်မှာ အိမ်ရှင်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန်ကြောင့် ယူနိုက်တက်တို့ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် ဂိုးသမား ဒေးဗစ်ဒီဂီယာ အံ့မခန်းလက်စွမ်းကြောင့်သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၃၅ မိနစ်ကျော်အထိကို အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒီဂီယာရဲ့ လက်စွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပြီး ဆန်ချိုကတော့ အခွင့်အရေးတစ်ချို့ ဖြုန်းတီးခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၈ မိနစ်မှာ ဗီလာရီးရဲလ်ခံစစ်အမှားကနေ ခရစ္စတီယာနိုရော်နယ်ဒိုက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန်မိနစ် ၉၀ မှာတော့ ဆန်ချိုက ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်ဟာ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပြီးဖြစ်တာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ယန်းဘွိုင်းစ်နဲ့ပွဲကိုဖိအားကင်းကင်းနဲ့ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

မစ္စတာချန်ပီယံလိဂ် ရော်နယ်ဒို
=============
ရော်နယ်ဒိုဟာ ဒီပွဲမှာလည်း နောက်ကျဂိုးနဲ့ ယူနိုက်တက်ကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်စေခဲ့ပြီး ဒီဂိုးက သူ့ရဲ့ကစားသမားဘ၀ ၇၉၉ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။ ကာရစ်ရဲ့ နည်းဗျူဟာတွေက တဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့ ပုံစံမျိုးဖြစ်ပြီး ယိုယွင်းနေတဲ့ ယူနိုက်တက်ခံစစ်ကိုလည်း သေချာပြင်ဆင်လာတာ တွေ့ရပါတယ်။ ဒီရာသီ သွင်းဂိုး ၆ ဂိုးမှာ ၅ ဂိုးက ဥရောပပြိုင်ပွဲတွေမှာ သွင်းယူထားတဲ့ ရော်နယ်ဒိုကို ထိန်းချုပ်နိုင်ဖို့ ဗီလာရီးရဲလ် ခံစစ်ရုန်းကန်ခဲ့ရတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၆ နှစ်ရှိပြီဖြစ်ပေမယ့် ဒီရာသီ ယူနိုက်တက်တိုက်စစ်ရဲ့ အားအကိုးရဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ယူနိုက်တက်ကတော့ ရော်နယ်ဒို၊ ဆန်ချိုတို့ရဲ့ ဂိုးတွေနဲ့ အဝေးကွင်းမှာ ဗီလာရီးရဲလ်ကို အနိုင်ယူကာ အုပ်စုအဆင့်ကနေ လွတ်လွတ်ကျွတ်ကျွတ် တက်လှမ်းသွားခဲ့ပြီး ဖြစ်ပါတယ်။

ကာရစ်ရဲ့ ပထမဆုံးပွဲမှာ line up အောက်သွားတဲ့ ဖာနန်ဒက်စ်
==========
ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ ၂ နှစ်နီးပါး ကြာမြင့်ခဲ့ချိန်ထိ ပေါ်တူဂီလက်ရွေးစင်ဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရတယ်ဆိုတာ တော်တော်လေးရှားပါတယ်။ ဒါပေမယ့် စနေညက ပရိသတ်ကို အော်ဟစ်ပေါက်ကွဲခဲ့ပြီးနောက်မှာတော့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖာနန်ဒက်စ်ကို ကာရစ်က အနားပေးသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကို အရန်ခုံမှာ ထားခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ယူနိုက်တက်ရဲ့ ယာယီနည်းပြက “ ကစားသမားတစ်ယောက်က အမြဲတမ်း ကောင်းမနေနိုင်ပါဘူး။ ကျွန်တော်ဘရူနိုကို သဘောကျပါတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမားဖြစ်သလို၊ စိတ်ဓာတ်လည်းကောင်းတယ်။ ဒါပေမယ့် သူပွဲတွေအများကြီး ကစားခဲ့ရပါတယ်။ စနေနေ့ကလည်း ကစားထားရတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်ကို ပွဲချိန် ၆၅ မိနစ်မှာ လူစားဝင်ကစားခိုင်းခဲ့ပြီးနောက် ယူနိုက်တက်ရဲက ခြေစွမ်းကလည်း ချက်ချင်းတိုးတက်လာခဲ့ပါတယ်။

ကွင်းလယ်မှာ အရေးပါဆဲ McFred
=============
နည်းပြဆိုးလ်ရှား လက်ထက် ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ နေရာအရဆုံးနှစ်ယောက်ဖြစ်တဲ့ မက်တွန်မီနေးနဲ့ဖရက်ဒ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ နည်းပြဆိုးလ်ရှား ထွက်ခွာပြီးနောက်ပိုင်း ဒီနှစ်ယောက်ထဲက တစ်ယောက်တော့ line up အောက်ပြီး ဝါရင့်ကွင်းလယ်လူ မာတစ်နေရာရလာလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဗီလာရီးရဲလ်နဲ့ပွဲမှာလည်း ဒီနှစ်ယောက်ကိုပဲ ယာယီနည်းပြကာရစ်က ပွဲထုတ်လာခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာတော့ McFred အတွဲရဲ့ ကစားပုံက သိပ်ပြီးအားရစရာ မရှိခဲ့ပဲ ဘောလုံးထိန်းချုပ်မှုတွေ၊ ဖြန့်ဝေမှုတွေ အားနည်းခဲ့ပါတယ်။ စပိန်ကလပ်ရဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ကာပူးနဲ့ ပါရီဂျိုကို မယှဉ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ ကွင်းလယ်ကနေ ပြိုင်ဘက်တိုက်စစ်ကို ဖြတ်တောက်မှု ပိုကောင်းလာပြီး ဖရက်ဒ်ရဲ့ဖိအားပေး ကစားပုံကြောင့် ကာပူးအမှားလုပ်မိပြီး ရော်နယ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲထွက်လူစာရင်းထဲပါလာတဲ့ ဗန်ဒီဘိခ်
===========
ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့တွေထဲမှာ အထူးဆန်းဆုံး အပြောင်းအရွှေ့ကတော့ အေဂျက်စ်ကြယ်ပွင့် ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ ပေးခေါ်ခဲ့ပြီး နည်းပြဆိုးလ်ရှားက ရာသီတစ်ဝက်လုံးနီးပါး အရန်ခုံပဲ ထိုင်ခိုင်းခဲ့တာပါပဲ။ ဒါမေမယ့် မနေ့ညကပွဲမှာတော့ နယ်သာလန်သားဟာ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

စနေညပွဲမှာ သိက္ခာဆယ် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ နည်းပြဆိုးလ်ရှားရဲက အပယ်ခံဖြစ်ခဲ့ပေမယ့် ကာရစ်ရဲ့ ပထမဆုံးပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပထမပိုင်းအတွင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားလို့တောင် ပြောလို့ရပြီး သူ့ဆီကနေ ယူနိုက်တက်တိုက်စစ် စတင်တာကို မြင်တွေ့ရပါတယ်။ ၂၄ နှစ်သားဟာ မလိုအပ်ပဲ ကစားပုံကြမ်းတမ်းမိခဲ့လို့ အဝါကတ်တော့ ပြခံခဲ့ရပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ယိုယွင်းမှု
=============
ပွဲမစတင်မီကတည်းက နည်းပြအပြောင်းအလဲ ဖြစ်ထားတာကြောင့် ယူနိုက်တက်ကြယ်ပွင့်တွေရဲ့ မျက်နှာမှာ စိုးရိမ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီကြားထဲ ပိုပြီးစိတ်လှုပ်ရှားစေမယ့် ကိစ္စက ဖြစ်သွားပါသေးတယ်။ အဲ့ဒါကတော့ ဒီပွဲကို ကြီးကြပ်တဲ့ ဒိုင်တွေအကြား ဆက်သွယ်မှုစနစ် ချို့ယွင်းခဲ့တာကြောင့် ပွဲစတင်ချိန်ကို သတ်မှတ်ချိန်ထက် ၇ မိနစ်ခန့်နောက်ကျပြီးမှစတင်ခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗီလာရီးရဲလ် #ရော်နယ်ဒို #အယ်ဒီတာအကြိုက် #ချန်ပီယံလိဂ် #ကာရစ်