ရှေ့သို့
Image

ကိုးမန်းက ဘာစီလိုနာမှာ အကောင်းဆုံး လုပ်ခဲ့ပါတယ်လို့ ပြောပြီး နည်းပြဟောင်းကို ကာကွယ်သွားတဲ့ ဂျော်ဒီ အယ်ဘာ

10:47 AM, 23 November

ရော်နယ် ကိုးမန်းဟာ ဘာစီလိုနာအသင်း စွမ်းဆောင်ရည်နဲ့ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ရာထူးက ထုတ်ခံလိုက်ရပေမဲ့ ဂျော်ဒီ အယ်ဘာကတော့ နယ်သာလန်သားဟာ နူးကမ့်မှာ အကောင်းဆုံး လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ အခြေအနေဆိုးနေတာကြောင့် အထုတ်ခံလိုက်ရပြီး ဇာဗီနဲ့ အစားထိုးခံလိုက်ရပေမဲ့ ဂျော်ဒီ အယ်ဘာကတော့ နည်းပြဟောင်းအပေါ် မကောင်းတဲ့ စကား ပြောလိုခြင်း မရှိခဲ့ပါဘူး။

ဇာဗီကို အစောကတည်းက ခန့်သင့်လားလို့ မေးတဲ့အခါ အယ်ဘာက “နိုးပါ။ ကိုးမန်းက အလုပ်အရမ်းကောင်းကောင်း လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တာ်တို့ ဘယ်သူမှမထင်တဲ့အချိန် စပိန်ဘုရင့်ဖလား ရခဲ့ပြီး နည်းပြတိုင်းက သူ့စတိုင်နဲ့သူ ရှိပါတယ်။ ကိုးမန်း အသင်းအတွက် လုပ်ပြခဲ့တာတွေအတွက် ကျွန်တော် ကျေနပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

တစ်ဖက်က ကိုးမန်းကို ချီးကျူးခဲ့ချိန် ဇာဗီ ရောက်လာခြင်းအတွက် ရင်ခုန်နေမှုကိုလည်း ပြောပြသွားခဲ့ပါတယ်။ “ဥက္ကဌက နည်းပြတစ်ယောက် ခန့်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နည်းပြသစ် ရခဲ့ပြီး ဇာဗီ ရောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ သူ အသင်းအကြောင်း သိတာကြောင့် ဒီကိုပဲ ပြန်လာရမှာပါ။ သူ ရောက်လာတဲ့အတွက် အရမ်းပျော်နေပြီး သူက အသင်းကို အများကြီး ကူညီပေးမှာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အယ်ဘာက “ကျွန်တော် ဇာဗီကို နည်းပြတစ်ယောက်အနေနဲ့ သိတာ တစ်ပတ်ပဲ ရှိပါတယ်။ သူက ကစားသမားဘ၀တုန်းက ပြင်းပြင်းထန်ထန် ကစားလေ့ရှိပြီး ခုနည်းပြ ဖြစ်လာပါပြီ။ သူ အထူးသဖြင့် ပွဲမကစားရတဲ့သူတွေ အပါအဝင် အားလုံးရဲ့ အရေးကြီးမှုကို ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ အက်စ်ပန်ညိုနဲ့ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး အများကြီး တိုးတက်လာပါပြီ။ သူ့မှာ ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ရှိမယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ဘာစီလိုနာဟာ ယခုကြားရက်မှာ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကိုးလ်မန်း #ဂျော်ဒီ အယ်လ်ဘာ