ရှေ့သို့
Image

ယူနိုက်တက်က ထုတ်ပယ်ခံလိုက်ရတဲ့ ဆိုးလ်ရှားနဲ့ ပတ်သက်ပြီး ဝန်ခံမှုတစ်ခု ပြုလုပ်သွားတဲ့ ဂွါဒီယိုလာ

9:42 AM, 22 November

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုးလ်ရှားရဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတာဟာ တကယ်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်လို့ ယမန်နေ့ နော်ဝေသား အထုတ်ခံရပြီးနောက် ပြောခဲပါတယ်။ ဆိုးလ်ရှားဟာ စနေည ဝက်ဖို့ဒ်ကို ၄-၁ဂိုးနဲ့ အရှက်တကွဲရှုံးခဲ့အပြီး လိဂ် ၇ပွဲမှာ ၅ပွဲ ရှုံးခဲ့ပြီးနောက် ယမန်နေ့က နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ကနဦး အသင်းကို ကိုင်တွယ်စဉ် ၃လတုန်းက ယာယီဖြစ်ပေမယ့် နည်းပြရာထူးအဖြစ် ၃နှစ်အောက်သာ ကိုင်တွယ်ခဲ့ရကာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ထုတ်ပယ်ခံခဲ့ရပြီးနောက် မြို့ခံပြိုင်ဘက်နည်းပြ ဂွါဒီယိုလာက ဆိုးလ်ရှားအပေါ် စာနာစကားဆိုခဲ့ပြီး တစ်ခါတစ်လေ နော်ဝေသားရဲ့ အသင်းက စီးတီးထက် ပိုသာတဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။

ဂွါဒီယိုလာက “သူ့ကို အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးပါတယ်။ သူနဲ့ ရင်ဆိုင်ရတကာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ သူ ကျွန်တော်တို့ကို နိုင်ပွဲက ကျွန်တော့်ထက် ပိုများပါတယ်”လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက “ယူနိုက်တက်လို အသင်းမျိုးကို ကိုင်တဲ့အခါ နိုင်ပွဲရဖို့လိုပြီး အဲ့လိုမဟုတ်ရင် ဒုက္ခများမယ်ဆိုတာ သူသိပါတယ်။ ကျွန်တော် ဒီမှာ ရှိနေသေးတာ ကျွန်တော်တို့ နိုင်နေလို့ပါ။ အဲ့လိုမှ မဟုတ်ရင် ဒီနေရာမှာ အခြားသူ ထိုင်နေမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဂွါဒီယိုလာနဲ့ ဆိုးလ်ရှားတို့ ၉ကြိမ် တွေ့ဆုံဖူးရာမှာ နော်ဝေသားရဲ့ ယူနိုက်တက်က ၄ကြိမ်ထိ အနိုင်ရထားခဲ့ပါတယ်။ ယခုနှစ်ရာသီ ၂ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်မတိုင်ခင် မန်စီးတီးဟာ ယူနိုက်တက် အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့တာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလကတည်းက ဖြစ်ပါတယ်။

အဆိုပါ စံချိန်တွေကတော့ ဆိုးလ်ရှားအနေနဲ့ ရလဒ်ဆိုးတွေထဲက ဂုဏ်ယူရမယ့် အရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အလားတူ ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြသမိုင်းမှာ မန်ချက်စတာဒါဘီ အဝေးကွင်းပွဲစဉ် ပထမဆုံး ၃ပွဲဆက်နိုင်ခဲ့တဲ့ ပထမဆုံး နည်းပြလည်း ဖြစ်ပါတယ်။

အဲ့ဒါကလွဲရင်တော့ ယခုနှစ်ရာသီ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ၉မှတ်ထိ ကွာနေကာ ဇယားထိပ်က ချဲလ်ဆီးနဲ့ ၁၂မှတ်ထိ ကွာဟနေခဲ့ပါတယ်။   

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဆိုးလ်ရှား #ဂွါဒီယိုလာ