ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ လက်စတာနည်းပြ ရော်ဂျာ ရေပန်းအစားဆုံးဖြစ်
2:10 PM, 21 November
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာဟာ ယူနိုက်တက်နည်းပြအဖြစ် ဆိုးလ်ရှားရဲ့နေရာမှာ အစားဝင်ဖို့ ဘွတ်ကီတွေရဲ့ အလေးပေးမှု အခံရဆုံးနည်းပြဖြစ်လာပြီး ဆိုးလ်ရှားကတော့ နာရီပိုင်းအတွင်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း ၂ပွဲမှာ လီဗာပူးနဲ့ မန်စီးတီးတို့ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရသလို စနေညကလည်း ဝက်ဖို့ဒ်ကို ၄-၁ ဂိုးနဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့ရပါတယ်။
အဲဒီပွဲမှာ အသင်းခေါင်းဆောင်မက်ဂွါရီလည်း ၂ဝါ၊ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ယူနိုက်တက်အနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။ Betfair ရဲ့ အလေးပေးမှုအရ ရော်ဂျာက ၈/၁၅ နဲ့ ယူနိုက်တက်နည်းပြဖြစ်လာဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပြီး သူ့နောက်မှာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်း၊ ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနို၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်တို့ အစဉ်အတိုင်း ရေပန်းစားနေပါတယ်။
ရော်ဂျာဟာ လက်ရှိလက်စတာအသင်းအပြင် အသင်းဟောင်း ဆဲလ်တစ်ကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဖြစ်လာဖို့ ရေပန်းစားနေတာဖြစ်ပြီး ယူနိုက်တက်ဟာ လက်ရှိအချိန်မှာတော့ နောက်ဆုံး ၇ပွဲအနက် ၅ ပွဲအထိ အရေးနိမ့်ထားပါတယ်။