ရှေ့သို့
Image

၀က်စ်ဟမ်းဂျာစီနဲ့ အောင်ပွဲခံနေပုံကို ပြန်တင်ခဲ့တဲ့ လင်ဂတ်

4:18 PM, 20 November

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက်မှာ သူ့ရဲ့ယူနိုက်တက် ကစားသမားဘဝက အချိန်အကန့်အသတ် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းမှာ အငှားသွားကစားရင်း အထူးခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာချိန်မှာတော့ အရန်ကစားသမားအဖြစ်သာ အချိန်ကုန်နေရပါတယ်။ ပြီးခဲ့တဲ့ ရာသီဝက်က ဝက်စ်ဟမ်းအတွက် ၁၆ ပွဲကစားပြီး ၉ ဂိုးသွင်းကာ အသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့် ရရှိစေခဲ့တဲ့အထိ လင်ဂတ်ရဲ့ခြေစွမ်းက ကောင်းမွန်ခဲ့ပါတယ်။ 

အခုတော့ လင်ဂတ်တစ်ယောက် သူ့ရဲ့ဝက်စ်ဟမ်းကစားသမားဘဝကို ပြန်လည်လွမ်းဆွတ်နေပုံရပါတယ်၊ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းအတွက ဂိုးသွင်းယူပြီး အောင်ပွဲခံနေတဲ့ သူ့ရဲ့ပုံကို အင်စတာဂရမ်စတိုရီမှာ ပြန်တင်ခဲ့တာ တွေ့ရပါတယ်။ ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ဇန်နဝါရီမှာ လန်ဒန်ကလပ်ကို ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေပြီး အပြီးသတ်ပြောင်းရွှေ့မယ်ဆိုရင်တော့ လင်ဂတ်ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၁၀ သန်းခန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။ 

လင်ဂတ်ဟာ သူ့ရဲ့အင်စတာဂရမ်မှာ ယူနိုက်တက်နဲ့ ပက်သက်တဲ့ ပို့စ်တွေကို မတင်တော့တာ စက်တင်ဘာ ၂၉ ကတည်းကဖြစ်ပြီး အခုဆိုရင်သူ့ရဲ့ ငယ်ဘဝကလပ်နဲ့ လမ်းခွဲဖို့တောင် အဆင်သင့်ဖြစ်နေပုံပါပဲ။ နည်းပြအိုလီဂန်နာဆိုးလ်ရှားဟာ ဒီရာသီမှာ လင်ဂတ်ကို ပရီးမီးယားလိဂ် ပွဲထွက်လူစာရင်းထဲ တစ်ကြိမ်မှ ထည့်သွင်းခဲ့ခြင်း မရှိသလို လီဗာပူးကို ၅-၀ ၊ မန်စီးတီးကို ၂-၀ တို့နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာလည်း လူစားဝင် ကစားခွင့်တောင် မရခဲ့ပါဘူး။

ဒါပေမယ့် လင်ဂတ်ဟာ အသင်းဟောင်း ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ နယူးကာဆယ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးတွေသွင်းယူပေးထားခဲ့ပါတယ်။ ယူနိုက်တက်အကယ်ဒမီထွက် လင်ဂတ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့အချိန်အတွင်း FA ၊ ယူရိုပါလိဂ်၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်း ဆုဖလား ၄ လုံးပိုင်ဆိုင်ထားပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၁၈ ပွဲကစားထားပြီး သွင်းဂိုး ၃၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝက်စ်ဟမ်း #လင်ဂတ်