ရှေ့သို့
Image

အီတလီအသင်း ကမ္ဘာ့ဖလားနဲ့ လွဲခဲ့တုန်းက ပြောင်မြောက်တဲ့ အားကစားစိတ်ဓာတ်ကို ပြသခဲ့တဲ့ ဒီရော့စီ

3:39 PM, 19 November

အီတလီအသင်းဟာ မြောက်အိုင်ယာလန်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အုပ်စုပထမနေရာနဲ့ လွဲချော်ခဲ့ကာ ကမ္ဘာ့လားကို ၂ကြိမ်ဆက် လွဲချော်နိုင်တဲ့ အရေးနဲ့ နီးစပ်လာခဲ့ပါတယ်။ အီတလီအသင်းဟာ အုပ်စုCမှာ ဒုတိယနေရာသာ ရခဲ့ပြီး ပထမနေရာက ဆွစ်ဇာလန်က တိုက်ရိုက် ခြေစစ်အောင်ပွဲအောင်သွားခဲ့ပါတယ်။

ဒါကြောင့် အီတလီတို့ ပလေးအော့ဖ် ကစားရတော့မှာဖြစ်ပြီး ၂၀၁၇ခုနှစ်တုန်းကထက် ပိုကောင်းအောင် လုပ်နိုင်ဖို့တော့ မျှော်လင့်ထားပါတယ်။ အီတလီအသင်းဟာ အဆိုပါအချိန်တုန်းက ဆွီဒင်ကို ၂ကျော့ပေါင် ရလဒ် ၁-၀ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားခဲ့ပါတယ်။

အီတလီဟာ ၁၉၅၈ခုနစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တာ ဖြစ်ပေမဲ့ ကွင်းလယ်လူ ဒီရော့စီကတော့ အဆိုပါပွဲအပြီး အားကစားစိတ်ဓာတ် ပြည့်၀မှုကို ပြသခဲ့ပါတယ်။ Give Me Sportရဲ့ ပြန်လည်ဖော်ပြချက်အရ အီတလီသားဟာ အသင်းဘက်စ်ကားပေါ်တက်ပြီး ဆွီဒင် ကစားသမားတွေကို အောင်မြင်မှုအတွက် ဂုဏ်ပြုခဲ့သလို ပွဲမကန်ခင် နိုင်ငံတော်သီချင်းဆိုစဉ် အီတလီ ပရိသတ်တွေရဲ့ လှောင်ပြောင်ခဲ့ကြမှုအတွက်လည်း တောင်းပန်ခဲ့ပါတယ်။

အဆိုပါအဖြစ်အပျက်ကို ဆွီဒင်နောက်ခံလူ ပွန်တက်စ် ဂျန်နက်ဆန်က ပြန်ပြောခဲ့ရာမှာ “ဒီရော့စီက အရမ်းကောင်းတယ်လို့ ပြောခဲ့ပြီး အီတလီ ပရိသတ်အချို့ရဲ့ လှောင်ပြောင်မှုတွေအတွက် တောင်းပန်ခဲ့ပါတယ်။ ဘက်စ်ကားပေါ်မှာတော့ ဒါကတစ်ကယ်ကြီးဖြစ်သွားတာလားလို့ တွေးမိကြပါတယ်။ ဒါကကာလရှည်တစ်ခုအတွင်း အကောင်းဆုံး အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ တကယ့်ကို လူကြီးလူကောင်းဆန်လွန်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆွီဒင်နည်းပြ ဂျန်နီ အန်ဒါဆန်ကလည်း “အားကစားဆိုတာ ဒါပါပဲ။ ကွင်းထဲမှာ ငြင်းခုန်တွန်းထိုးခဲ့ကြပြီး တိုက်ပွဲငယ်လေးတောင် ဖြစ်နိုင်ပေမဲ့ အဲ့ဒါပြီးရင်တော့ တစ်ဦးကိုတစ်ဦး လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

လက်ရှိ အီတလီလက်ထောက်နည်းပြ ဒီရော့စီအနေနဲ့ လာမယ့် ပလေးအော့ဖ်မှာတော့ အီတလီ ပရိသတ်တွေအနေနဲ့ ဆွီဒင်နဲ့ပွဲတုန်းလို အရှက်ရစရာမျိုး ထပ်မလုပ်ဖို့ မျှော်လင့်နေမှာ သေချာပါတယ်။

#အီတလီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မြောက်အိုင်ယာလန် #ဒီရော့စီ