ရှေ့သို့
Image

လစာမယူတဲ့ အဲလ်ဗက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ ထည့်ချုပ်ခဲ့တဲ့ ဘာစီလိုနာ

3:34 PM, 19 November

နည်းပြဟောင်း ရော်နယ်ကိုးမန်းရဲ့ နေရာကို ဘာစီလိုနာဂန္တဝင် ကွင်းလယ်လူ ဇာဗီဆက်ခံခဲ့ပြီး မကြာမီမှာပဲ ဘာကာညာနောက်ခံလူဟောင်း ဒန်နီအဲဗက်စ်ကတော့ ဘာစီလိုနာအသင်းရဲ့ တစ်ကျော့ပြန်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာဟာ ကြီးမားတဲ့ဘဏ္ဍာရေး ပြဿနာတွေကြောင့် အဓိကကစားသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီအပါအဝင် ကြယ်ပွင့်ကစားသမား အချို့ကိုဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြသစ်ဇာဗီကတော့ ပထမဆုံးခေါ်ယူမှုအဖြစ့် အသင်းဖော်ဟောင်း အဲဗက်စ်ကို ခေါ်ယူပြီး တစ်ချိန်ကဘာစီလိုနာအသင်းရဲ့ ဂုဏ်သတင်းကို ပြန်လည်ရယူဖို့ ရည်ရွယ်နေပါတယ်။ အဲဗက်စ်ရဲ့ အပြောင်းအရွှေ့မှာ အသင်းဘက်က ကုန်ကျစရိတ်မရှိခဲ့သလို ဥရောပရဲ့လစာအနည်းဆုံး ပရော်ဖက်ရှင်နယ် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် အဲဗက်စ်ရဲ့ ဘာစီလိုနာနဲ့ စာချုပ်ကတော့ နည်းနည်းမျှတမှုမရှိဖြစ်နေပါတယ်။ အကြောင်းအရင်းကတော့ ဘာစီလိုနာရဲ့ ကြယ်ပွင့်ကစားသမားတွေကို မြင့်မားတဲ့ စာချုပ်ဖျက်သိမ်းကြေးတွေ ထည့်သွင်းတတ်တဲ့ ထုံးစံအတိုင်း တစ်ပတ်ကို ၁ ယူရိုသာ ယူပြီးကစားပေးမယ့် အဲဗက်စ်ရဲ့စာချုပ်ဖျက်သိမ်းကြေးကို ယူရိုသန်း ၁၀၀ ထိ ထည့်သွင်းခဲ့လို့ပါပဲ။

ဟုတ်ပါတယ်၊ လာလီဂါစည်းမျဉ်းအရ လစာအနည်းဆုံးယူပြီး အသင်းအတွက် အလကားကစားပေးမယ့် ကစားသမားကို ထည့်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၁၀၀ ပါ။ အဲ့ဒါကြောင့် အဲဗက်စ်အနေနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးမီ အသင်းကထွက်ခွာခဲ့ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ ကိုပေးနိုင်မှ အသင်းက ထွက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအချက်မျိုးပါတာတောင်မှ ဘာကာနဲ့အပြုံးမပျက် စာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ အဲဗက်စ်ရဲ့ အသင်းအပေါ်ချစ်စိတ်ကတော့ ချီးကျူးချင်စရာပါပဲ။

ဘာစီလိုနာပရိသတ်တွေကိုယ်တိုင် အဲဗက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို နားမလည်နိုင်အောင်ဖြစ်နေပြီး ဒါဟာ အသင်းအတွက် အလကားကစားပေးမယ့် အဲဗက်စ်လို ကစားသမားမျိုးကို စော်ကားရာကျတယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ကတော့ အဲဗက်စ်ဟာ ဘာကာရဲ့အဓိက ကစားသမား တစ်ယောက်ဖြစ်တာကြောင့် စာချုပ်ပါကာလအတွင်း အသင်းကထွက်မှာစိုးလို့ ဒီလိုအချက်မျိုး ထည့်သွင်းခဲ့တာလို့ ယုံကြည်ကြပါတယ်။ ဘရာဇီးသားဟာ ဘာစီလိုနာမှာ ကစားခဲ့တဲ့ ၈ နှစ်အတွင်း ဆုဖလားများစွာ ရယူခဲ့ပြီး ၂၀၁၆ မှာ အသင်းနဲ့လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကိုးလ်မန်း #အဲလ်ဗက်စ်