ရှေ့သို့
Image

ဒေါသထွက်နေတဲ့ လီဗာပူးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အာဆင်နယ်ကို ဆောင်းနက်စ် သတိပေးလိုက်

10:43 AM, 19 November

ယခုရာသီ ပြိုင်ပွဲစုံ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့တဲ့ လီဗာပူးအနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ သူတို့ရဲ့ဒေါသတွေကို ပေါက်ကွဲပြလိမ့်မယ်လို့ ဂန္ထဝင်ကြီး ဂရေမီဆောင်းနက်စ်က အခိုင်အမာပြောပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ပွဲစဉ် ၁၁ မှာ ဝက်စ်ဟမ်းကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံက ချဲလ်ဆီးနဲ့  ၄ မှတ်အထိ ကွာဟသွားပါတယ်။ လီဗာပူးဟာ စနေညမှာ သြဂုတ်လကုန်ကတည်းက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိကစားထားတဲ့ အာဆင်နယ်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ဆောင်းနက်စ်က အာဆင်နယ်ရဲ့ ခြိမ်းခြောက်လာနိုင်မှုကို အသိအမှတ်ပြုပေမယ့် လီဗာပူးရဲ့ဒေါသထွက်မှုက အာဆင်နယ်အတွက် ထိုးနှက်ချက်ဖြစ်လာနိုင်လိမ့်မယ်လို့ ပြောပါတယ်။

လီဗာပူးနည်းပြဟောင်း ဆောင်းနက်စ်က ''လီဗာပူးဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ သူတို့ရဲ့အနေအထားမရှိခဲ့ဘဲ အရေးနိမ့်ခဲ့ရလို့ ဒေါသထွက်နေမှာ သေချာပါတယ်။ ဒီတော့ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးရဲ့ဒေါသထွက်မှုတွေ အပြည့်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ အာဆင်နယ်က ယုံကြည်မှုအပြည့်ရနေပေမယ့် သူတို့က ထိပ်တန်းအသင်းမဟုတ်သေးဘဲ ပျမ်းမျှသာရှိပါသေးတယ်။ သူတို့ဟာ ဘရိုက်တန်နဲ့ သရေကျခဲ့ပြီး ဝက်ဖို့ဒ်နဲ့ နောဝစ်ချ်တို့ကိုအနိုင်ရခဲ့တယ်။ ပြီးတော့ သူတို့နိုင်ခဲ့တဲ့ တော့တင်ဟမ်ကလည်း အဲဒီတုန်းက အရမ်းဆိုးရွားခဲ့တဲ့အချိန်ပါ''

''အာဆင်နယ်က နိုင်ပွဲတွေရလို့ ယုံကြည်မှုမြင့်တက်နေပြီး လိဂ်ရပ်တည်မှုကလည်း သိပ်ကောင်းနေပေမယ့် သူတို့အတွက် ခက်ခဲကြမ်းတမ်းမှုတွေက အရှေ့မှာ စောင့်ကြိုနေပါတယ်''လို့ ပြောပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ဆောင်းနက်စ်