ယူနိုက်တက်က ကမ်းလှမ်းရင် ရော်ဂျာသေချာပေါက်လက်ခံလိမ့်မယ်လို့ အဘွန်လဟော သုံးသပ်
1:29 PM, 18 November
လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာအနေနဲ့ မန်ချက်စတာယူနိုက်တက် နည်းပြသစ်ဖြစ်လာမှာ သေချာသလောက်ရှိပါတယ်လို့ အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဟောင်း ဂက်ဘီအဘွန်လဟောက အတည်ပြုသွားခဲ့ပါတယ်။ Football Insider နဲ့ စကားပြောခန်းမှာ ဗီလာကြယ်ပွင့်ဟောင်းက လက်စတာစီးတီးရဲ့ ဒီရာသီ အတက်အကျတွေကြောင့် ရော်ဂျာက စိန်ခေါ်မှုသစ်တွေကို စိတ်ဝင်စားလာတယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ သတင်းရင်းမြစ်တစ်ခုကလည်း ရော်ဂျာဟာ နည်းပြဆိုးလ်ရှားရဲ့ နေရာမှာ အစားထိုးမယ့် ထိပ်တန်းပစ်မှတ်တစ်ခုဖြစ်ပြီး ကမ်းလှမ်းမှုသာ စတင်လိုက်ရင် ရော်ဂျာဘက်က လက်ခံနိုင်ခြေများတယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ရဲ့သတင်းရင်းမြစ်က နိုင်ငံပွဲတွေအပြီး ကစားရမယ့် ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေ ထပ်ဖြစ်လာရင်တော့ ဆိုးလ်ရှားအနေနဲ့ ထုတ်ပယ်ခံရနိုင်ခြေများတယ်လို့ ပြောခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ ဝက်ဖို့ဒ်နဲ့ အဝေးကွင်းသွားကစားရမှာဖြစ်ပြီး လကုန်ပိုင်းမှာ ဗီလာရီးရဲလ်၊ ချဲလ်ဆီးတို့နဲ့လည်း ရင်ဆိုင်ရဖို့ရှိနေပါတယ်။
အဘွန်လဟောကတော့ “ရော်ဂျာက နည်းပြဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူပါ။ မျှမျှတတပြောရရင်တော့ ရော်ဂျာအတွက်လည်း ဒီရာသီက သိပ်အကောင်းကြီး မဟုတ်ပါဘူး။ သူတို့ခြေစွမ်းက တက်လိုက်ကျလိုက်နဲ့ဆိုတော့ ပရိသတ်တွေလည်း နည်းနည်းတော့ စိတ်ပျက်လာကြပြီ။ ဘရန်ဒန်ရော်ဂျာ အသင်းပြောင်းသွားမယ်ဆိုရင်လည်း ကျွန်တော့်အတွက်တော့ အံ့သြစရာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ရော်ဂျာဟာ ဆဲလ်တစ်ကနေ ပြောင်းရွှေ့လာပြီးနောက် လက်စတာနည်းပြရာထူးကို ၂၀၁၉ ဖေဖော်ဝါရီမှာ ရယူခဲ့တာဖြစ်ပါတယ်။ ၄၈ နှစ်အရွယ် နည်းပြဟာ FA ဖလားရရှိထားပြီး ပြီးခဲ့တဲ့ ၂ ရာသီအတွင်း လက်စတာအသင်းကို အဆင့် ၅ နေရာနဲ့ ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။