ရှေ့သို့
Image

ရာဖင်ဟာကို တံတောက်ဖြင့်တိုက်တဲ့ အိုတာမန်ဒီကို အရေးမယူခဲ့ခြင်းအတွက် ဒိုင်တွေကို တောင်အမေရိကဘောလုံး အဖွဲ့ ပွဲကြီးကြပ်ခွင့်ဆိုင်းငံ့

9:39 AM, 18 November

ဘရာဇီးနဲ့ အာဂျင်တီးနားသရေကျတဲ့ ပွဲတွင် ဘရာဇီးတောင်ပံကစားသမား ရာဖင်ဟာရဲ့ မျက်နှာကို အာဂျင်တီးနားနောက်ခံလူ အိုတာမန်ဒီ တံတောက်ဖြင့် တိုက်ရာမှာ ပါးစပ်က သွေးထွက်သွားတဲ့အထိ ဖြစ်သွားသော်လည်း တစ်စုံတရာ အရေးမယူခဲ့ခြင်းအတွက် VAR ဒိုင်နှင့် ကွင်းလယ်ဒိုင် ၂ဦးကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ပွဲကြီးကြပ်ခွင့် ဆိုင်းငံ့လိုက်ပါတယ်။

အင်္ဂါညက ကျင်းပခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တောင်အမေရိကရဲ့ အင်အားကြီး ပြိုင်ဘက်နှစ်သင်း တွေ့ခဲ့ရာမှာ မန်စီးတီးနောက်ခံလူဟောင်းက  ဘောလုံးကာရင်းနဲ့ရာဖင်ဟာရဲ့ မျက်နှာကို တံတောက်ဖြင့် တွပ်လိုက်တာဖြစ်ပြီး လိဒ်စ်ကစားသမားရဲ့ ပါးစပ်မှာ သွေးထွက်သံယိုဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သွေးတိတ်အောင် ရာဖင်ဟာအနေဖြင့် ပါးစပ်မှာ ၅ချက်လောက် ချုပ်လိုက်ရပြီး အဆိုပါအခြေအနေကို သေချာအရေးမယူခဲ့တဲ့ ဒိုင်လူကြီး ကမ်ဟာနှင့် VAR ဒိုင် အက်စတီဘန်းတို့အား တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (Conmebol) က အရေးယူလိုက်တာ ဖြစ်ပါတယ်။

ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တွင် ဒီလိုပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိမှုကို သေချာမထိန်းချုပ်နိုင်ခဲ့တဲ့အတွက် အရေးယူမှု လုပ်ခဲ့တာလို့ပါရှိခဲ့ပါတယ်။ အာဂျင်တီးနားက အိမ်ရှင်အဖြစ် ဘရာဇီးကို လက်ခံကျင်းပတဲ့ ပွဲတွင် ဂိုးမရှိသရေကျခဲ့ပြီး ဘရာဇီးနည်းပြ တီတီကတော့ အိုတာမန်ဒီ အထုတ်မခံရခြင်းအတွက် ဒေါသတစ်ကြီးပေါက်ကွဲခဲ့ပါတယ်။

“VAR ကို ဘယ်သူကိုင်နေသလဲ? လုံးဝကို မဖြစ်နိုင်စရာပါ ကျွန်တော်ထပ်ပြောပါမယ် ရာဖင်ဟာကို တံတောက်တိုက်လိုက်တဲ့ အိုတာမန်ဒီကို မမြင်ဘူးဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါက ရလဒ်ကို အဆုံးအဖြတ်ဖြစ်စေသလား?? ကျွန်တော်မသိပါဘူး VAR ဒိုင်ကတော့ အလုပ်ကို သေချာမလုပ်နိုင်ပါဘူး ဒါက လက်မခံနိုင်စရာပါ ကျွန်တော်ဒါတွေကို မပြောချင်ပေမယ့် ခုပြောနေတာလည်း ယဉ်ယဉ်ကျေးကျေး ပြောဆိုနေတာပါ”ဟု ပြောကြားသွားခဲ့ပါတယ်။

ရာဖင်ဟာကို ကြမ်းတမ်းစွာ လုပ်ခဲ့တဲ့အပေါ် ဝေဖန်ခံနေရတဲ့ အိုတာမန်ဒီက ဗုဒ္စဟူးနေ့က သူရဲ့အင်စတာဂရမ် အကောင့်တွင် မိမိအနေနဲ့ဘောလုံးကိုသာ အာရုံစိုက်နေခဲ့တာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

#ဘရာဇီး #အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ရာဖင်ဟာ