Play-offs ပွဲတွေမတိုင်ခင် ပေါ်တူဂီနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့မရှိတဲ့ ဆန်းတို့စ်
9:24 AM, 17 November
ဆားဘီးယားကို အိမ်ကွင်းမှာ ပေါ်တူဂီအသင်း ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပေမယ့် နည်းပြ ဖာနန်ဒိုဆန်းတို့စ်ကတော့ မတ်လအတွင်းကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲမတိုင်ခင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖွယ်မရှိကြောင်း သတင်းတွေက ရေးသားဖော်ပြနေပါတယ်။
ပေါ်တူဂီဟာ ဆားဘီးယား၊ အိုင်ယာလန်၊ လူဇင်ဘတ်နဲ့ အဇာဘိုင်ဂျန်တို့ပဲ ပါဝင်တဲ့အုပ်စုမှာ တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ခဲ့လို့ နည်းပြဆန်းတို့စ်လည်း ပြင်းထန်တဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ ပေါ်တူဂီနာမည်ကြီးသတင်းစာ A Bola ကတော့ အသက် ၆၇ နှစ်အရွယ်ရှိ ဆန်းတို့စ်အနေနဲ့ အနည်းဆုံး မတ်လအထိ အသင်းကို ဆက်လက်ကိုင်တွယ်ခွင့်ရလိမ့်မယ်လို့ ရေးသားထားပြီး လက်ရှိအချိန်မှာ သူ့ရဲ့အလုပ်က Safe ဖြစ်နေဆဲလို့ မျက်နှာဖုံးမှာ ခေါင်းကြီးသတင်းအဖြစ် ရေးသားခဲ့ပါတယ်။
ပြီးတော့ ပေါ်တူဂီအက်ဖ်အေက ဆန်းတို့စ်အနေနဲ့ အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်ရဖို့ ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေရာ သူ့ရဲ့ရာထူးက အန္တရာယ်ဇုန်ထဲ မရောက်သေးဘူးလို့ သိရပါတယ်။ ဆန်းတို့စ်ဟာ ဆားဘီးယားကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းသားတွေရဲ့ကစားပုံကိုဝေဖန်ခဲ့ပြီး သူတို့အနေနဲ့ အကြောက်တရားတွေ၊ စိတ်မတည်ငြိမ်မှုတွေနဲ့ ကစားခဲ့ကာ ဘာနာဒိုဆေးလ်ဗားတစ်ဦးတည်း ဘောလုံးလက်ခံရယူချင်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါ်တူဂီဟာ ဆားဘီးယားကို အိမ်ကွင်းမှာ အနည်းဆုံးသရေကစားနိုင်ရင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး စောစောစီးစီး ဦးဆောင်ဂိုးပါရခဲ့ပေမယ့် ပွဲပြီးခါနီးမှာအနိုင်ဂိုးပေးလိုက်ရပါတယ်။