ရှေ့သို့
Image

ပရီးမီးယားလိဂ်ပြန်မစမီ အချိန်မီ လေ့ကျင့်ရေး ပြန်ဆင်းလာနိုင်ခဲ့တဲ့ ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ

10:14 AM, 16 November

ချဲလ်ဆီးအသင်းအတွက် သတင်းကောင်းတစ်ခု တိုးလာခဲ့ပြီး အဓိက တိုက်စစ်မှူး လူကာကူဟာ ပရီးမီးယားလိဂ်ပွဲတွေ ယခုတစ်ပတ်မှာ ပြန်မကန်မီ လေ့ကျင်ရေးအပြည့်အ၀ ပြန်ဆင်းနိုင်ခဲ့ပါတယ်။

ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ကစားသမားဟာ မဲလ်မိုအသင်းကို ၄ဂိုးပြတ်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေကို လွဲချော်ထားတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ လက်စတာနဲ့ မကစားမီ Cobham လေ့ကျင်ရေးကွင်းမှာ လူကာကူတစ်ယောက် လေ့ကျင့်ရေး ပြန်ဆင်းကာ ကြံခိုင်မှုပြန်ရဖို့ကြိုးစားနေလျက် ရှိပါတယ်။

ဒဏ်ရာရတုန်းကလည်း လူကာကူဟာ သူရဲ့ အင်စတာဂရမ်ရှိပရိသတ်များကို အစောဆုံးဒဏ်ရာသက်သာအောင် ကြိုးစားမယ်လို့ကတိပေးခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေက အသင်းပွဲစဉ်တွေကို လွဲချော်ခဲ့တာနဲ့အမျှ လေ့ကျင့်ရေးဆင်းပြီး ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရမှာကို ပျော်ရွှင်နေမိတယ်လို့ လူကာကူက သူရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားထားရင်း အပြေးလေ့ကျင့်ရေးဆင်းနေတဲ့ ပုံကို တွဲတင်ထားပါတယ်။

ဘယ်လ်ဂျီယံသားဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ဘန်လေနဲ့ သရေကျတဲ့ ပွဲကို လွဲချော်ခဲ့ပြီး လူကာကူရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်ရမယ်လို့ နည်းပြတူချယ်က ဖွင့်ဟထားခဲ့ပါတယ်။ တူချယ်ကိုယ်တိုင်လည်း သူရဲ့ အဓိက ကစားသမားအများစု ဒဏ်ရာတွေရသွားမှာကို စိုးရိမ်ပူပန်နေမိကြောင်း ဝန်ခံထားပါတယ်။

လက်ရှိ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်လျက်ရှိနေပြီး ဆောင်းရာသီ ဒီဇင်ဘာပွဲကြပ်ကာလတွေကို ဖြတ်သန်းရမှာမို့အရန်အင်အားတောင့်တင်းရန် လိုအပ်လျက် ရှိနေသည်။

#ချဲလ်ဆီး #လူကာကူ