ရှေ့သို့
Image

ဝေးလ်အတွက် ကစားနိုင်ဖို့ ပရီးမီးယားလိဂ်ကို ပြန်ပြောင်းချင်နေတဲ့ ရမ်ဆေး

9:22 AM, 15 November

ဂျူဗင်တပ်စ်ကွင်းလယ်လူ အာရွန်ရမ်ဆေးကတော့ လာမယ့်နှစ်အစောပိုင်းမှာ ကစားရမယ့် ကမ္ဘာ့ဖလား play-off ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့အတွက် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။

ကွင်းလယ်လူဟာ ဝေးလ်အသင်းရဲ့ ကမ္ဘာ့ခြေစစ်ပွဲ နောက်ဆုံး ၃ ပွဲမှာ သွင်းဂိုး ၃ ဂိုးသွင်းယူပြီး အဓိက ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံက အုပ်စုပထမရရှိခဲ့တာကြောင့် အုပ်စုဒုတိယရမှ အုပ်စုအဆင့်ကနေ play-offs အဆင့်ကို ကစားနိုင်ပြီး ၁၉၅၈ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ကစားခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရမ်ဆေးရဲ့ ကလပ်အသင်းက အခြေအနေတွေကတော့ နိုင်ငံအသင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဂျူဗင်တပ်စ်မှာတော့ နည်းပြအယ်လီဂရီရဲ့ ယုံကြည်မှုကို မရရှိခဲ့တာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

ရမ်ဆေးအနေနဲ့ ဂျူဗီရဲ့ ထရိန်နင်နည်းလမ်းတွေနဲ့ ပက်သက်လို့ စိတ်တိုင်းမကျဖြစ်နေပြီး သြဂုတ်လ ၂၂ နောက်ပိုင်း အသင်းမှာ တစ်ပွဲမှ ကစားခွင့်မရရှိခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်မရရင် သူ့ရဲ့ခြေစွမ်း ကျဆင်းလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ကာလတိုအသုံးပြုလို့ရမယ့် ကစားသမားမျိုး မဟုတ်သလို သူ့ရဲ့လစာပမာဏကလည်း ထည့်စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒို ဂျူဗီကထွက်သွားပြီးကတည်းက အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ အသင်းရဲ့လစာ အများဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး တစ်ပတ်ပေါင် ၄၀၀၀၀၀ တန်စာချုပ်ကလည်း ၁၉ လကျန်သေးနေပါသေးတယ်။ အဲ့ဒါကြောင့် ရမ်ဆေးကို ခေါ်ယူချင်တဲ့ အင်္ဂလန်အသင်းတွေအနေနဲ့ ဒီလစာပမာဏကိုလည်း အရင်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ညမှာတော့ ဝေးလ်ဟာ အိမ်ကွင်းကာဒစ်မှာ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ရမ်ဆေးက “အုပ်စုဒုတိယဆိုတာကလည်း နောက်တစ်ဆင့်တက်ဖို့အတွက် စိတ်ဓာတ်တက်ကြွစေနိုင်တဲ့ အဆင့်ပါပဲ။ ဘယ်လ်ဂျီယံနဲ့ပွဲက ကျွန်တော်တို့အတွက် အကောင်းဆုံးညလေး ဖြစ်ဖို့မျှော်လင့်တယ်။ အုပ်စုဒုတိယနေရာနဲ့ အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့အားလုံး ရင်ခုန်နေပါတယ်။ ဘီလာရုစ်နဲ့ပွဲမှာ ပွဲပြီးဖို့ မိနစ် ၂၀ လောက်အလိုမှာ လူစားလဲခံလိုက်ရပေမယ့် အသင်းအတွက် ကောင်းကောင်းကစားပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဘီလာရုစ်နဲ့ပွဲမှာ တစ်ဝါထိခဲ့တာကြောင့် အဓိကနောက်ခံလူ တစ်ဦးဖြစ်တဲ့ အီသန်အမ်ပါဒူကတော့ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စနေညပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကျခဲ့တဲ့ တိုက်စစ်မှူးကီဖာမိုးကတော့ ဒီညပွဲမှာ ပြန်လည်ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

#ဂျူဗင်တပ်စ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ရမ်ဆေး #ဝေးလ်