ရှေ့သို့
Image

ရော်နယ်ဒိုအတွက် ယူနိုက်တက်ထက် ပိုကောင်းတဲ့နေရာ မရှိနိုင်ဘူးလို့ ပြောခဲ့တဲ့ နာနီ

5:15 PM, 14 November

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်း လူးဝစ်နာနီက ဒီနွေရာသီမှာ အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ အသင်းဖောင်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုအတွက်တော့ ယူနိုက်တက်ထက် ပိုကောင်းတဲ့နေရာ မရှိနိုင်ပါဘူးဆိုပြီး ပြောသွားခဲ့ပါတယ်။

လက်ရှိမေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးမှာ ကစားနေတဲ့ ၃၄ နှစ်အရွယ် ပေါ်တူဂီသားကြီးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ၈ နှစ်အတွင်း ရော်နယ်ဒိုနဲ့လည်း အတွဲညီညီ ကစားနိုင်ခဲ့သူဖြစ်ပါတယ်။ နာနီက သူဟာအခုချိန်ထိ ယူနိုက်တက်ပရိသတ်တစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး ရော်နယ်ဒိုယူနိုက်တက်ကို ပြန်ရောက်သွားတာက သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝကိုတောင် ပြန်ပြီးအမှတ်ရစေမိတယ်လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ကို အားပေးတုန်းလားလို့ မေးမြန်းရာမှာတော့ နာနီက “ အမြဲတမ်း အားပေးနေတယ်။ ယူနိုက်တက်နဲ့ တစ်ချိန်တည်းကစားရမယ့် ပွဲမရှိတဲ့အချိန်ဆို သေချာပေါက် ကြည့်ပါတယ်။ အခုဆို ခရစ္စတီယာနိုလည်း ပြန်ရောက်နေတော့ သိပ်ကိုကြည့်လို့ကောင်းတာပေါ့။ သူကို ဂျူဗင်တပ်စ်မှာ တုန်းကသတင်းတွေနဲ့ အဲ့ဒီက အခြေအနေတွေကြားနေရတုန်းက ခရစ္စတီယာနိုအတွက် ယူနိုက်တက်ထက် ပိုကောင်းတဲ့နေရာ မရှိနိုင်တော့ဘူးလို့တောင် တွေးမိတယ်။ 

ယူနိုက်တက်နဲ့ သတင်းတွေကြားတော့လည်း သူ့ပြန်ရောက်ပြီဆိုတာ သိခဲ့လို့ မအံ့သြမိပါဘူး။ မန်ချက်စတာယူနိုက်တက်နဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းလုံးပြည့် အားပေးလေ့ရှိတဲ့ ပရိသတ်တွေ မြင်နေရရင် အမြဲတမ်း တက်ကြွလာတယ်။ အိုးလ်ထရက်ဖို့ဒ်ဆိုတာ အမြဲတမ်း အံ့ဖွယ်အပြည့်နဲ့ ကွင်းကြီးပါပဲ။ အဲ့ဒီတုန်းက အချိန်တွေကိုတောင် ပြန်အမှတ်ရမိတယ် ” လို့ ပြောပြခဲ့ပါတယ်။ 

နာနီဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝမှာ စကေးကြွယ်ပြီ၊ လျင်မြန်တဲ့ တောင်ပံကစားသမား တစ်ယောက်အဖြစ် ပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ကစားစဉ်အတွင်း ပရီးမီးယားလိဂ် ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၈ လုံးထိ ရရှိခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #နာနီ #ရော်နယ်ဒို