ရှေ့သို့
Image

ယူရို၂၀၂၀ ဖိုင်နယ်မှာ ပီယာလိုက အားပေးစကားပြောခဲ့ကြောင်း ဖီးလစ်ဖွင့်ဟ

4:58 PM, 14 November

အီတလီအသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ အန်ဒရေးပီယာလိုက ယူရို ၂၀၂၀ ဖိုင်နယ်ကို အီတလီအသင်းနဲ့ မကန်မီမှာ သူ့ကိုအားပေးစကားပြောပေးခဲ့ကြောင်း လိဒ်ယူနိုက်တက်နဲ့ အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဖီးလစ်ကို သူနဲ့ကစားတဲ့နေရာလည်းတူ ကစားဟန်လည်းတူတဲ့ အီတလီဂန္တဝင်ကြီးနဲ့ နှိုင်းယှဉ်ပြီး ရော့ခ်ရှိုင်းယားပီယာလိုဆိုပြီး ပရိသတ်တွေက ချီးကျူးကြတာ ဖြစ်ပါတယ်။ ပီယာလိုကိုယ်တိုင်လည်း ၂၅ နှစ်အရွယ် ကွင်းလယ်လူကို နွေရာသီက ယူရိုပြိုင်ပွဲမှာ သတိထားမိခဲ့ပုံရပါတယ်။ သြဂုတ်လတုန်းကတောင် ပီယာလိုက “ အင်္ဂလန်မှာ ဒီလိုကစားသမားမျိုးရှားတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အရမ်းကောင်းတဲ့ ကွင်းလယ်လူတွေ အင်္ဂလန်မှာ ထွက်ပေါ်လာခဲ့ပေမယ့် လိဒ်ယူနိုက်တက်က ကောင်လေး(ဖီးလစ်)လို ကွင်းလယ်ကစားသမားမျိုးကတော့ တစ်မူထူးခြားနေတယ် ” လို့ ပြောခဲ့ဖူးပါတယ်။ 

အင်္ဂလန်ဟာ ဖိုင်နယ်မှာ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဖီးလစ်ကတော့ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့သလို ပြိုင်ပွဲတစ်လျှောက်မှာလည်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သောကြာနေ့က အယ်လ်ဘေးနီးယားနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပါသေးးတယ်။ တနင်္လာနေ့မှာ ကစားရမယ့် ဆန်မာရီနိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မတိုင်မီ ဖီးလစ်က သူရရှိခဲ့တဲ့ ပီယာလိုဆီက မက်ဆေ့ဂျ်အကြောင်းကိုလည်း အခုလို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဖီးလစ်က “ မယုံနိုင်စရာ ကစားသမားတစ်ယောက်ဆီက အခုလို အသိအမှတ်ပြုခံရတာလောက် ကောင်းတာ မရှိတော့ပါဘူး။ ဖိုင်နယ်ပွဲမကစားမီညက ပီယာလိုနဲ့ နယူးရော့ခ်စီးတီးအသင်းမှာတွဲကစားခဲ့ဖူးတဲ့ ဂျက်ဟယ်ရီဆင်(လိဒ်ယူနိုက်တက်တောင်ပံကစားသမား) က ပီယာလိုရဲ့ဗီဒီယိုတစ်ခု ပို့ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ကျွန်တော့်ကို ဖိုင်နယ်မှာကံကောင်းပါစေ မင်းအတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပါတယ်ဆိုပြီး ပီယာလိုက ပြောထားတယ်။ အရမ်းပျော်မိတယ်၊ ခံစားချက်လည်း တော်တော်လေး ကောင်းသွားတယ်၊ ကျွန်တော်တို့ အီတလီကို ရှုံးပေမယ့် သူကျွန်တော့်အတွက် တကယ့်ကိုဆုတောင်းပေးခဲ့တာပါ၊ အရမ်းလည်း လေးစားမိတယ်။

ဗီဒီယိုရတဲ့အချိန် ဘုရားတမိခဲ့ပြီးတော့ သူနဲ့လည်း အပြင်မှာတွေ့ချင်မိသွားတယ်။ သူကအပြင်မှာ အရမ်းသဘောကောင်းတယ်လို့ ကျွန်တော်ကြားဖူးတယ်လေ။ အခြားတစ်နေရာ၊ အခြားအသင်းတစ်သင်းက လူဖြစ်ပေမယ့်လည်း ပြိုင်ဘက်ကစားသမား ဖြစ်တဲ့ကျွန်တော့်ကို ဒီလိုဆုတောင်းပေးတာက တကယ့်ကို မလေးစားပဲ မနေနိုင်ပါဘူး ” ဆိုပြီး ပြောခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရဖို့အတွက် ဆန်မာရီနိုနဲ့ပွဲမှာ ၁ မှတ်သာရဖို့ လိုပါတယ်။ 

# ပီယာလို #အင်္ဂလန် #ကယ်ဗင်ဖီးလစ်