ရှေ့သို့
Image

ဗာရာနီ၊ရော်နယ်ဒိုရှိနေတဲ့အတွက် ဆိုးလ်ရှားနေရာ ဇီဒန်းကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် ကြိုးစားလာ

10:02 AM, 14 November

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်တွေဆိုးနေတဲ့ ဆိုးလ်ရှားနေရာ ဇီဒန်းဖြင့် အစားထိုးရန်  အရှိန်မြင့် ကြိုးပမ်းလာကြောင်း သိရသည်။ ဆိုးလ်ရှားဟာ လီဗာပူးကို ၅ဂိုးပြတ် ရှုံးခဲ့သလို မန်ချက်စတာစီးတီးကိုလည်း ၂ဂိုးပြတ် အရေးနိမ့်ထားပါတယ်။ ရလဒ်တွေဆိုးနေသော်လည်း ဆိုးလ်ရှားရာထူးမှ ပြုတ်နိုင်တဲ့ ဖိအားတွေ ဝင်မလာသေးဘဲ ယခုအချိန်ထိ နည်းပြသစ် ရှာဖွေရေးသတင်းတွေက ငြိမ်သက်လျက် ရှိနေပါတယ်။

SundayTimes ရဲ့ ဖော်ပြချက်အရ ယူနိက်တက်အသင်းဟာ ဇီဒန်းကို နော်ဝေသားနေရာမှာ အစားထိုးဖို့ကြိုးစားနေကြောင်း သိရသည်။ အသက်၄၉နှစ်အရွယ် ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒုတိယအကြိမ်မြောက် ကိုင်တွယ်ပြီးနောက် ပြီးခဲ့တရာသီက အသင်းနဲ့လမ်းခွဲထားပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ပိုင်ဆိုင်ခဲ့တဲ့ ပြင်သစ်သားနည်းပြရဲ့ မှတ်တမ်းတွေက အားရဖွယ်ကောင်းပြီး ချန်ပီယံလိဂ် ၃ကြိမ်၊လာလီဂါ ၂ကြိမ် ရရှိထားပါတယ်။

ဒါပေမဲ့ ဇီဒန်းဟာ ယူနိုက်တက်နည်းပြရာထူးကို ရယူရန် စိတ်မဝင်စားဘူးလို့သတင်းပြေးနေပြီး ပြင်သစ်လက်ရွေးစင် နည်းပြဖြစ်ရန်သာ စိတ်ဝင်စားလျက်ရှိပါတယ်။ လတ်တလောသတင်းပြေးနေတာကတော့ ပီအက်စ်ဂျီအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ကိုပြန်လာရန် စိတ်အားထက်သန်နေပြီး မန်ချက်စတာယူနိုက်တက်ရဲ့  နည်းပြရာထူးကို စိတ်ဝင်စားနိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဇီဒန်းကို စိတ်ဝင်စားနေပြီး ရီးရဲလ်မှာ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ရော်နယ်ဒိုနဲ့ဗာရာနီတို့က ဆရာဟောင်းကို အသင်းထံလာရန် ဖြောင်းဖြနိုင်တယ်လို့မန်ချက်စတာကလပ်က ယုံကြည်နေပါတယ်။ တဖက်မှာ ဆိုးလ်ရှားဟာ ၂၀၁၈ခုနှစ်က ယာယီနည်းပြအဖြစ်ကနေ ယူနိုက်တက်ရဲ့ နည်းပြချုပ်အဖြစ် ရောက်ရှိလာခဲ့ပြီး ၃နှစ်တာကိုင်တွယ်ပြီးချိန်အထိ ဆုဖလားတစ်လုံးမှ မရသေးပါဘူး။

သတင်းတွေထွက်နေတာကတော့ ယူနိုက်တက်ဟာ ဆိုးလ်ရှားနေရာအတွက် နည်းပြ၄ဦးဖြစ်တဲ့ ဇီဒန်း၊ ကွန်တီ၊ တန်ဟတ်၊ရော်ဂျာတို့ကို ပစ်မှတ်ထားနေပါတယ်။ ကွန်တီကို မူလက ယူနိုက်တက်အသင်း ခေါ်ရန် သတင်းပြေးခဲ့သော်လည်း အီတလီသားဟာ တော့တင်ဟမ်အသင်းကို  ကိုင်တွယ်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂ရက်ခန့်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရတော့ လီဗာပူးကို ၂၀၁၂ကနေ ၂၀၁၅အတွင်း ကိုင်တွယ်ခဲ့တဲ့ ရော်ဂျာက ယူနိုက်တက်နည်းပြဖြစ်လာရန် ရေပန်းအစားဆုံး ဖြစ်နေခဲ့ပြီး လက်ရှိမှာတော့ ဇီဒန်းဖြစ်လာခဲ့ပြန်ပါပြီ။

#မန်ချက်စတာယူနိုက်တက် #ဗာရာနီ #ဆိုးလ်ရှား #ရော်နယ်ဒို #ဇီဒန်း