ရှေ့သို့
Image

ချဲလ်ဆီးမှာတုန်းက ရုန်းကန်ခဲ့ရပေမယ့် မော်ရင်ဟိုကို မမုန်းပါဘူးလို့ ဒီဘရိုင်းဝန်ခံ

5:50 PM, 13 November

မန်ချက်စတာစီးတီးကြယ်ပွင့်ဟာ ပေါ်တူဂီသားနည်းပြကြီး လက်အောက်မှာ ၂၀၁၃-၁၄ ရာသီအတွင်း ကစားခဲ့ဖူးပေမယ့် ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီဘရိုင်းဟာ ၂၀၁၄ ဇန်နဝါရီမှာတော့ ပေါင် ၁၈ သန်းနဲ့ ဝုဖ်ဘတ်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် အဲ့ဒီအချိန်က သူပြောင်းရွှေ့ချင်ခဲ့တာက တခြားအသင်းပါလို့ ဝန်ခံခဲ့ပါတယ်။ 

ဒီဘရိုင်းက “ သူတို့(ချဲလ်ဆီး)က ကျွန်တော့်ကိုတကယ်ပဲ ဆက်ထိန်းထားချင်ခဲ့တာပါ၊ အခွင့်အရေးတစ်ခုလည်း ပေးခဲ့တယ် ဒါပေမယ့် အမှန်တကယ် ကျွန်တော်ပြောင်းချင်တာက ဒေါ့မွန်ကိုပါ။ အသင်းပြောင်းဖို့လည်း စိတ်ထဲရှင်းနေတယ်။ ကျွန်တော်က ကိုယ့်ခံစားချက်အတိုင်းပဲ ဆုံးဖြတ်ချက်ချတတ်ပါတယ်။ ကျွန်တော်ချဲလ်ဆီးမှာ ပွဲနည်းနည်းပဲ ကစားရပေမယ့် အသင်းပြောင်းခါနီးကျမှ ဆွင်ဒန်တောင်းအသင်းနဲ့ ဖလားပွဲစဉ်မှာ ကျွန်တော့်ကို ပေးကစားခဲ့တယ်။ နည်းနည်းတော့ ရုပ်ရှင်ဆန်တာပေါ့၊ တစ်လလောက် မကစားခဲ့ရတဲ့ ကျွန်တော်က ရုတ်တရက်ကြီး လိဂ် ၂ ကလပ်နဲ့ပွဲမှာ ကစားရတယ်။ ဒီလောက်ဆို ကျွန်တော်က အသင်းမှာ အရေးမပါတာ သိပြီဆိုတော့၊ အားလုံးပြီးသွားပြီလို့ သတ်မှတ်လို့ရသွားတယ် ” လို့ ပြောခဲ့ပါတယ်။ 

ဒီဘရိုင်းပြောတဲ့ ဆွင်ဒန်တောင်းနဲ့ပွဲဆိုတာကတော့ ၂၀၁၃ စက်တင်ဘာမှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်ကို ပြောတာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ဒီဘရိုင်းရဲ့ခြေစွမ်းက မော်ရင်ဟိုကို အကြိုက်မတွေ့စေခဲ့ပဲ အခွင့်အရေးကို ကောင်းကောင်းအသုံးမချနိုင်ခဲ့ပါဘူး။ မော်ရင်ဟိုနဲ့ ဆက်ဆံရေးအကြောင်း မေးမြန်းရာမှာတော့ ကစားသမားက “ ကျွန်တော်ဂျိုဆေးကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။ ကျွန်တော်ကြိုးစားတယ်၊ တတ်နိုင်သမျှ လုပ်ပြခဲ့တယ်။ 

ဒါပေမယ့် ဘောလုံးမှာက ထရိန်နင်ကောင်းကောင်း လုပ်နိုင်ရင် အခွင့်အရေးလည်း ကောင်းကောင်းရနိုင်တယ်တဲ့။ အဲ့ဒါမမှန်ဘူးလို့ ထင်တာပဲ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အခွင့်အရေး ထပ်မရတော့လို့ပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်တွေကနေ အများကြီးသင်ယူနိုင်ခဲ့တယ်။ ဒီအခြေအနေမျိုးကနေ ရုန်းထွက်နိုင်ဖို့လိုတယ်ဆိုတာ သိလာတယ်။ ကျန်တာဘာမှ မစဉ်းစားတော့ပဲ အသင်းကထွက်သင့်ပြီဆိုတာကိုပဲ စဉ်းစားမိတယ်။ ကျွန်တော်မော်ရင်ဟိုကို မမုန်းပါဘူး၊ ကလေးမှမဟုတ်တော့တာ။ ကျွန်တော်က သူ့အတွက် အဆင်မပြေတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်လို့ပဲ ထင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။ 

ဒေါ့မွန်ကို ပြောင်းရွှေ့ခွင့်မရခဲ့သော်လည်း ဒီဘရိုင်းဟာ ဝုဖ်ဘတ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘွန်ဒက်လီဂါ အဆင့် ၂ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၆ မှာ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့ပြီး အင်္ဂလန်မြေကို တစ်ကျော့ပြန်လာခဲ့ပြီးနောက်မှာတော့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

#ချဲလ်ဆီး #မော်ရင်ဟို #ဒီဘရိုင်း