ကမ္ဘာ့ဖလားခြေစစ်ပွဲများ(ဥရောပဇုန်) :ဂျာမနီ၊ ခရိုအေးရှား၊ စပိန် အသင်းကြီးအများစု အနိုင်ရပြီး ဆွီဒင် ခြေချော်
10:26 AM, 12 November
ဂျာမနီအသင်းဟာ ကြာသပတေးည ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားရာမှာ လက်ချင်စတိန်းကို ၉ဂိုးပြတ် အနိုင်ကစားခဲ့ပြီး နည်းပြဖလစ်ဟာ ၆ပွဲကစား ၆ပွဲစလုံးနိုင်ထားပါတယ်။ ကိုဗစ်ကြောင့် ကစားသမား၅ယောက်အထိ မပါခဲ့ပေမယ့် နည်းပြဖလစ်ဟာ အပြောင်းအလဲတွေနဲ့ အနိုင်ရလဒ်တခုကို ဖော်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ခြေစစ်ပွဲအောင်ပြီးသား ဂျာမနီအသင်းဟာ ပွဲအစ၁၁မိနစ်မှာတင် တစ်ယောက်လျော့ခဲ့တဲ့ လက်ချင်စတိန်းကို အလွယ်နိုင်ခဲ့ပြီး မူလာ၊ ဆာနေးတို့က ၂ဂိုးစီ သွင်းပေးခဲ့ပါတယ်။ အုပ်စု Jမှာ ရမှတ်၂၄မှတ်ရထားကာ ဒုတိယနေရာက မြောက်မက်စီဒိုနီးယားကို ၉မှတ်ဖြတ် ဦးဆောင်ထားပါတယ်။ ၁၁မိနစ်မှာပင် ဂမ်ဒိုဂန်ရဲ့ ပင်နယ်တီနဲ့အတူ ဂျာမနီအသင်းဦးဆောင်ခဲ့ပြီး ပင်နယ်တီက ဂေါရက်ဇ်ကာမျက်နှာကို ဟိုဖာ ကန်မိသလိုဖြစ်တာကြောင့် ရရှိခဲ့ပါတယ်။
လက်ချင်စတိန်းအတွက် ပိုဆိုးခဲ့တာက ၃မိနစ်အတွင်း ၃ဂိုးအထိ ပေးလိုက်ရတာပါဘဲ။ ပွဲချိန်၂၀မိနစ်မှာ ကာအူမန်းက og ဂိုးသွင်းခဲ့ပြီး ဆာနေးက ဂေါရက်ဇ်ကာရဲ့ ပေးပို့မှုကနေ တတိယဂိုးသွင်းခဲ့ကာ မာကိုရူးစ်က စတုတ္ထဂိုး ထပ်သွင်းခဲ့ပါတယ်။ နည်းပြဟောင်း ဂျိုအာချင်လောက ပွဲမတိုင်ခင် တရားဝင်နူတ်ဆက်ခဲ့ပြီး ပွဲကြည့်စင်ကနေ ကြည့်ရူသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဆာနေး၊ မူလာ၊ ဘာကူတို့ကအသီးသီး ထပ်သွင်းခဲ့ပြီး ဂိုပဲလ်က og ဂိုးတစ်ဂိုး ထပ်သွင်းခဲ့ပါသေးတယ်။ အုပ်စု J ရဲ့ နောက်ထပ်ပွဲတစ်ပွဲတွင် ရိုမေးနီးယားက အိမ်ကွင်းမှာ အိုက်စလန်နဲ့ဝ-၀ သရေကျခဲ့ပါတယ်။ တတိယနေရာမှာ ရိုမေးနီးယားက ၁၄မှတ်၊ မြောက်မက်ဆီဒိုးနီးယား နောက်မှာ ရှိနေပါတယ်။မြောက်မက်ဆီဒိုးနီးယားက အာမေးနီးယားကို အဝေးကွင်းမှာ ၅ဂိုးပြတ် သွင်းယူထားခဲ့ပါတယ်။
အုပ်စု H - ခရိုအေးရှားနှင့် ရုရှားတို့ရလဒ်ကောင်းခဲ့
=========
ခရိုအေးရှားအသင်းဟာ အုပ်စု H တွင် မော်လ်တာကို ၇-၁ဂိုးဖြင့် နိုင်ခဲ့ရာ ခြေစစ်ပွဲအောင်မြင်ဖို့အလားအလာကောင်းနေပါတယ်။ ပွဲအစ ၆မိနစ်မှာတင် ပရီဆစ်ရဲ့ ကန်သွင်းချက်ကနေ ဦးဆောင်ဂိုးရခဲ့ပြီး ဒုတိယဂိုးကို မိုဒရစ်ရဲ့ ဖရီးကစ်ကနေ ကာလီတာကာက ခေါင်းတိုက်သွင်းခဲ့ပါတယ်။
မော်လ်တာက ဘရိုဇိုဗစ်ရဲ့ og ဂိုးဖြင့် တစ်ဂိုးပြန်ရခဲ့ပေမယ့် ပါဆာလစ်၊ မိုဒရစ်တို့က တတိယ၊ စတုတ္ထဂိုးတွေ အသီးသီး ပြန်သွင်းခဲ့ပါတယ်။ ခရိုအေးရှားကစားသမား မာဂျာက သူရဲ့ နိုင်ငံတကာပထမဆုံးဂိုးအဖြစ် ၄၇မိနစ်မှာ သွင်းခဲ့ပြီး ၆မိနစ်အကြာမှာ မော်လ်တာကွင်းလယ်ရဲ့ အားနည်းမှုကနေ ခရာမာရစ်က အနိမ့်ဘောကန်သွင်းခဲ့ပါတယ်။ ထိုနောက် မာဂျာကဘဲ သူရဲ့ ဒုတိယလုံးအဖြစ် အပေါ်ထောင့်သို့အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။
ခရိုအေးရှားက လက်ရှိ ၉ပွဲအပြီး ရမှတ်၂၀ဖြင့် ဒုတိယနေရာမှာ ရှိနေပြီး ရုရှားရဲ့ နောက် ၂မှတ်အကွာမှာရှိနေကာ ရုရှားအသင်းကလည်း ဆိုက်ပရပ်စ်ကို ၆ဂိုးပြတ် နိုင်ထားပါတယ်။ အီရိုကင်က ၄မိနစ်မှာတင် ရုရှားအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဆိုက်ပရပ်စ်ကလည်း အခွင့်အရေးတွေ ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂မိနစ်အတွင်း နောက်ထပ် ၂ဂိုး ရုရှားရသွားခဲ့တာက ဆိုက်ပရပ်စ်ကို အားနည်းသွားစေခဲ့ပါတယ်။
ပွဲချိန်၅၅မိနစ်မှာ ဆမိုလော့ဗ်က တန်ပြန်တိုက်စစ်ကနေ အနီးကပ်ကန်သွင်းယူပြီး မိုစတိုဗွိုင်းကလည်း ဆိုက်ပရပ်စ်နောက်ခံလူ ၂ယောက်ကို ကျော်ဖြတ်ကာ လှပတဲ့ တစ်ကိုယ်တော်ဂိုး သွင်းခဲ့သည်။ ဆူတိုမင်က ၆မိနစ်အကြာမှာ ထပ်သွင်းခဲ့ပြီး လူစားဝင်ကစားသမား ဇာဘိုလိုနီက ၅ဂိုးပြတ် ဖြစ်စေခဲ့ပါတယ်။အဲဒီနောက် အီရိုကင်က သူရဲ့ ဒုတိယဂိုးအဖြစ် ပွဲသိမ်းဂိုး ဆက်သွင်းခဲ့ပါတယ်။ နောက်တစ်ပွဲမှာတော့ ဆလိုဗက်ကီးယားနှင့် ဆလိုဗက်နီးယားတို့၂-၂ သရေကျခဲ့ပါတယ်။ ရလဒ်အရ ဘယ်သူမှ နောက်တဆင့်မတက်နိုင်တော့ပါဘူး။
အုပ်စု B - ဂရိကို အနိုင်ရခဲ့တဲ့ စပိန်နှင့် ဆွီဒင်ကို ကျော်ဖြတ်ခဲ့တဲ့ ဂျော်ဂျီယာ
========
ဆာရာဘီယားရဲ့ သွင်းဂိုးတစ်လုံးတည်းနဲ့ဂရိကို အဝေးကွင်းမှာ စပိန်တို့အနိုင်ရကာ လာမယ့်ဆွီဒင်နဲ့ပွဲမှာ အနိုင်ရခဲ့ရင် နည်းပြအန်းနရစ်ရဲ့ အသင်း ခြေစစ်ပွဲအောင်မြင်သွားမှာ ဖြစ်ပါတယ်။ အနိုင်ဂိုးဟာ ၂၆မိနစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အင်နီဂိုရဲ့ ထောင့်ကန်ဘောကနေ ဆာရာဘီးယားက ဂိုးသမား အိုဒီဆီးယက်စ်ကို အနီးကပ် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်း စပိန်အသင်းက အေးဆေးစွာဘဲ ဘောလုံးကိုင်ကစားခဲ့ပြီး ဂရိဖက်က အခွင့်အရေးဖန်တီးနိုင်ခွင့်တွေ ပျောက်ဆုံးရင်းနဲ့ရှုံးခဲ့ပါတယ်။
ဆွီဒင်ပွဲစဉ်မှာ ဂျော်ဂျီယာကို ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့် မျှော်လင့်ချက်တွေ ေ၀ဝါးလာခဲ့ပါတယ်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်လည်း ၂၀၂၀ယူရိုမှာ ဒူးဒဏ်ရာကြောင့် လွဲချော်ပြီးနောက် ဆွီဒင်အသင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆွီဒင်အသင်းဟာ ဂိုးပေါက်ရှေ့မှ ကန်သွင်းချက် ၁၅ကြိမ်အထိ ရှိခဲ့ပြီး အီဆတ်၊ ကလာဆန်တို့အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်ဂျော်ဂျီယာအသင်းအတွက် ဂိုးကို ၆၁မိနစ်မှာ ခက်ဗီချာက သွင်းယူခဲ့ပါတယ်။
ဆွီဒင်ဘက်က အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲချိန်၇၇မိနစ်မှာ ခက်ဗီချာကဘဲ လင်ဒီလော့ဖ်ရဲ့ ရှင်းထုတ်မှု မသေသပ်တာကနေ ထပ်သွင်းခဲ့ပါတယ်။ စပိန်အသင်းက အုပ်စု B တွင် ရမှတ်၁၆မှတ်ဖြင့် ဦးဆောင်ထားကာ တနင်္ဂနွေမှာ နောက်ဆုံးပွဲအဖြစ် အိမ်ကွင်းမှာ ဧည်ခံမယ့် ဆွီဒင်အသင်းထက် ၁မှတ်သာထားပါတယ်။ တိုက်ရိုက်ခြေစစ်ပွဲအောင်ချင်တယ်ဆိုရင် ဆွီဒင်က စပိန်ကို အနိုင်ကစားဖို့လိုအပ်ပြီး စပိန်အတွက်က သရေတစ်မှတ်ရရင် နောက်တဆင့်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ဒုတိယနေရာရတဲ့အသင်းက မတ်လမှာ play-off ကစားသွားရမှာ ဖြစ်တယ်။
Group A - အိုင်ယာလန်နဲ့သရေကျတဲ့ ပေါ်တူဂီ
===
အိုင်ယလန်အနေဖြင့် ၁၀ယောက်ကျန် ပေါ်တူဂီအသင်းကို သရေကစားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းဟာ လာမယ့်ဆာဘီးယားနဲ့ပွဲမှာ အနိုင်ရဖို့ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းဟာ ပွဲအစပိုင်းမှာ လွှမ်းမိုးခဲ့ပြီး အန်ဒရီဆေးလ်ဗားရဲ့ ကန်ချက်တွေကို ဂိုးသမားဘာဇူနူ ကာကွယ်ခဲ့သလို ဒုတိယပိုင်းမှာ ရတဲ့ မဟာအခွင့်အရေးကို ရော်နယ်ဒို ဖြုန်းတီးခဲ့ပါတယ်။ အဲဒီနောက်မှာ နောက်ခံလူပီပီ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရာ ပေါ်တူဂီတို့တစ်ယောက်လျော့သွားပြီး ဂိုးမရှိ သရေသာရခဲ့ပါတယ်။
နောက်ထပ်တစ်ပွဲမှာ အဇာဘိုင်ဂျန်ကို ၃-၁ဂိုးဖြင့် လူဇင်ဘတ်နိုင်ခဲ့ပြီး ဂျာဆန်ရိုဒရီဂူစ်က ခြေစွမ်းပြ ၂ဂိုးသွင်းခဲ့ပါတယ်။ ပွဲအစ ၂၁မိနစ်ကတည်းက အဇာဘိုင်ဂျန်အသင်းက ၁၀ယောက်တည်းနဲ့ကစားခဲ့ရပြီး တေးလ်ကို ပြစ်ဒဏ်ဘောကျူးလွန်တဲ့ မူတယ်လီမော့ဗ် ထုတ်ပယ်ခံခဲ့ရပါတယ်။ လူစားဝင်ကစားသမား တေးလ်ဟာ လူဇင်ဘတ်အတွက် အနိုင်သေချာစေမယ့် ဂိုသွင်းခဲ့ပြီး အဇာဘိုင်ဂျန်ကတော့ အုပ်စုရပ်တည်မှုတွင် အောက်ဆုံးမှာ ရှိနေပါတယ်။