ရှေ့သို့
Image

သမိုင်းတစ်လျောက် အကောင်းဆုံးနည်းပြ ၅ဦးစာရင်းမှာ ကလော့ပ်ကို ဖာဂူဆန်အထက်မှာ ထားခဲ့တဲ့ နေးလ်ဝါးနော့ခ်

2:36 PM, 9 November

နေးလ် ဝါးနော့ခ်က သမိုင်းတစ်လျောက် ပရီးမီးယားလိဂ် အကောင်းဆုံးစာရင်းမှာ ဂျာဂင် ကလော့ပ်ကို ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အပေါ်မှာ အံ့အားသင့်ဖွယ် ထာထားခဲ့ပါတယ်။ ၇၃နှစ်အရွယ် ဖာဂူဆန်ဟာ ယူနိုက်တက်ကို ၂၆နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ်မှာ နည်းပြဘ၀ကနေ အနားယူခဲ့ပါတယ်။ ဂန္တဝင်နည်းပြကြီးဟာ အိုးထရက်ဖို့ဒ်မှာ ဆုဖလား ၃၈လုံးအထိ ဆွတ်ခူးခဲ့ကာ ပရီးမီးယားလိဂ် ၁၃ကြိမ်၊ အက်ဖ်အေဖလား ၅ကြိမ်၊ ချန်ပီယံလိဂ် ၂ကြိမ်တို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ဝါးနော့ခ်ကတော့ ဖာဂူဆန်ဟာ သူသတ်မှတ်ထားတဲ့ စာရင်းထဲ အဆင့်၄နေရာမှာသာ ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။


ဝါးနော့ခ်က သူ့စာရင်းထဲမှာ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ထိပ်ဆုံးမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဝါးနော့ခ်က “အာစင်ဝင်းဂါးဟာ မော်ဒန်ဘောလုံးကစားသမားတွေရဲ့ အမြင်ကို ပြောင်းလဲစေခဲ့တဲ့အတွက် ကျွန်တော်ကတော့ သူ့ကို ထိပ်ဆုံးမှာ ထားချင်ပါတယ်။ သူက ကျွန်တော်တို့ လုံး၀ မတွေးထားတဲ့အရာတွေကို ယူဆောင်လာပေးပါတယ်။ အဟာရဗေဒပညာရှင်၊ ကြံ့ခိုင်ရေးမှူးတွေ၊ ဗီဒီယိုတွေ၊ နည်းစနစ်ပိုင်းတွေ သူ ယူဆောင်လာပေးခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်ကို ရောက်လာချိန် အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။


နံပါတ် ၂နေရာမှာတော့ ဝါးနော့ခ်က မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ရွေးချယ်ထားခဲ့ပါတယ်။ “ကျွန်တော် မနှစ်က သူ့ရဲ့အသင်းကို ကြည့်ခဲ့ပြီး ဒီလို လှုပ်ရှားမှုနဲ့ အသင်းမျိုး ကျွန်တော် လုံး၀မမြင်ဖူးပါဘူး။ ဒေးဗစ်ဆေးလ်ဗားက ကျွန်တော် ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှထဲ အကောင်းဆုံး ဖြစ်ပြီး ပက်ကပဲ ဒီလို လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ လွှမ်းမိုးမှုတွေကြောင့် ကျွန်တော် ပက်ကို ဒုတိယ ထားချင်ပါတယ်”လို့ ဆိုပါတယ်။


ကလော့ပ်ကို တတိယနေရာ ထားတာနဲ့ ပတ်သက်ပြီး ဝါးနော့ခ်က “ကလော့ပ်က ခုမှ စတင်နေဆဲ ဖြစ်ပြီး ဒီထက်ပိုကောင်းလာဦးမှာ ဖြစ်တာကြောင့် တတိယနေရာမှာ ထားချင်ပါတယ်။ သူအသင်းအတွက် လုပ်ပြခဲ့တာနဲ့ ကလေးတွေနဲ့ အနာဂတ်လည်း ရှိနေတဲ့အတွက် နောက်၁၀နှစ်ထိ ဆက်သွားနေဦးမှာပါပဲ။ ဒါကြောင့် တတိယနေရာမှာ ထားထားပေမဲ့ နှစ်အတန်ကြာမှာ နံပါတ်၁နေရာ ရောက်လာနိုင်ပါတယ်”


“နံပါတ်လေးနေရာမှာတော့ ဖာဂူဆန်ကိုထားထားပြီး သူက အောင်မြင်မှုတွေ ပိုကြာရှည်ခဲ့လို့ မော်ရင်ဟိုရဲ့ အထက်မှာ ထားထားပါတယ်။ သူ့ခေတ်မှာ ဆာအဲလက်စ်က ဘာမဆို လုပ်နိုင်ပြီး အဲ့ဒီနေရာမှာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။ မော်ရင်ဟိုနဲ့ ပတ်သက်ပြီး ဝါးနော့ခ်က “ဟိုဆေး မော်ရင်ဟိုက နီးစပ်ပါတယ်။ သူ့ကို ကျွန်တော် ကြိုက်တာက သူ ခက်ခဲတဲ့အချိန်မှာ မီဒီယာတွေနဲ့ရင်ဆိုင်နိုင်တာကြောင့် ဖြစ်ပေမဲ့ သူ့ကို နံပါတ်၅မှာပဲ ထားထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

#အာဆင်နယ် #အာစင်ဝင်းဂါး #မော်ရင်ဟို #ကလော့ပ် #ဖာဂူဆန် #ဝါးနော့ခ်