ရှေ့သို့
Image

သူတို့ရဲ့ သဘောထားမပါပဲ နာပိုလီရဲ့ အထူးထုတ် ဂျာစီကို ခွင့်ပြုပေးခဲ့တဲ့ မန်နေဂျာဟောင်းကို မာရာဒိုနာမိသားစု တရားစွဲရန် ပြင်ဆင်နေ

11:09 AM, 9 November

ဒီယေဂို မာရာဒိုနာရဲ့ မိသားစုဟာ အာဂျင်တီးနား ဂန္တဝင်ရဲ့ ပုံရိပ်ကို သုံးပြီး နာပိုလီရဲ့ အထူးထုတ် ဂျာစီကို ခွင့်ပြုပေးခဲ့တဲ့ မန်နေဂျာဟောင်း ဆီစီကို ဥပဒေကြောင်းအရ တရားစွဲဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က နာပိုလီအသင်းဟာ မာရာဒိုနာအတွက် အမှတ်တရာအနေနဲ့ စီးရီးအေမှာ ဝတ်ဆင်မယ့် ဂျာစီအသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။


မာရာဒိုနာဟာ ၂၀၂၀ခုနှစ် နိုဝင်ဘာ ၂၅ရက်က အာဂျင်တီးနားနိုင်ငံ တိုက်ဂရီမှာ နှလုံးအမောဖောက်မှုကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပြီး နာပိုလီက ဂန္တဝင်ကြီးရဲ့ ၁နှစ်ပြည့် အမှတ်တရအနေနဲ့ ဂျာစီသစ်ကို ကြေညာခဲ့တာပါ။ နာပိုလီဟာ ပြီးခဲ့တဲ့ ဗီရိုနာနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အဆိုပါ ဂျာစီကို စတင်ဝတ်ဆင်ခဲ့ပြီး နိုဝင်ဘာ၂၁ရက် အင်တာမီလန်နဲ့ ပွဲစဉ် ၂၈ရက် လာဇီယိုနဲ့ ပွဲစဉ်တွေမှာလည်း ဆက်လက် ဝတ်ဆင်ဖို့ ရည်မှန်းထားပါတယ်။


ဒါပေမဲ့ နာပိုလီရဲ့ ဂျာစီအသစ် ထုတ်လုပ် ကြေညာရာမှာ မာရာဒိုနာရဲ့ မိသားစုကို အသိပေးခြင်း မရှိခဲ့တာကြောင့် သားဖြစ်သူ ဒီယေဂို မာရာဒိုနာ ဂျူနီယာက ပုံရိပ်အသုံးပြုမှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မာရာဒိုနာ ဂျူနီယာက နာပိုလီအသင်းဟာ မန်နေဂျာဟောင်း ဆီစီထံကနေ ခွင့်ပြုချက်ကို မှားယွင်းစွာ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ အခြေအနေကြောင့် ဆီစီကို မိသားစုက တရားစွဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။


မာရာဒိုနာ ဂျူနီယာက “ခွင့်ပြုချက်ကို လက်မှတ်ထိုးပေးလိုက်တာက ကျွန်တော့်  အဖေရဲ့ မန်နေဂျာ ဆီစီ ဖြစ်ပေမဲ့ အခု အဖေ  မရှိတော့တာကြောင့် အမွေဆက်ခံထားတဲ့ ကျွန်တော်တို့ကပဲ တာဝန်ရှိသူတွေ ဖြစ်ကြပါတယ်” “သူနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် အခု အဖြစ်အပျက်အပေါ် ကျွန်တော်တို့ တရားစွဲသွားမှာပါ။ နာပိုလီလို အသင်းကြီးမျိုးက သူ့လိုလူမျိုးကို အသိမှတ်ပြုတာက အံ့အားသင့်စရာပါ”


“ကျွန်တော့်ဖခင်အတွက် အမှတ်တရ ဂျာစီက ဂုဏ်ယူစရာ ဖြစ်ပေမဲ့ နာပိုလီဘက်ကနေ တွေးခေါ်မှု မရှိခဲ့တဲ့အတွက် ကျွန်တော် ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့လို အသိအမှတ်ပြု အမွေဆက်ခံသူတွေအနေနဲ့ ပါဝင်ခဲ့ခြင်းမရှိပဲ ဒီအစီအစဉ်မှာ ဘာသဘောတူညီချက်မှ မပေးခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။ မာရာဒိုနာရဲ့ ကာလရှည် သူငယ်ချင်းဖြစ်သူနဲ့ မန်နေဂျာဟောင်း နေပယ်လ်မှာ ကြီးပြင်းခဲ့သူ တစ်ဦး ဖြစ်ပြီး နာပိုလီနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးခဲ့တဲ့ အာဂျင်တိုင်းသားကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့သူလည်း ဖြစ်ပါတယ်။

#မာရာဒိုနာ #ဗီရိုနာ #အာဂျင်တီးနား #နာပိုလီ