ရှေ့သို့
Image

အသင်းဖော်ဟောင်းဇာဗီက ဘာကာနည်းပြအဖြစ် အသင့်လျော်ဆုံးသူဟု အင်နီယေစတာထောက်ခံ

2:23 PM, 8 November

ကတ္တလန်ကလပ်အတွက် ဇာဗီဟာ ပြီးပြည့်စုံမှုနှင့် အသင့်လျော်ဆုံးသူဟု ဘာစီလိုနာကစားသမားဟောင်း အင်နီယေစတာက ထောက်ခံချီးကျူးလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကာတာကလပ် AL-Saddအသင်းကနေ ထွက်ခွာလာပြီးနောက် နောက်ဆုံးမှာတော့ ဇာဗီဟာ ဘာစီလိုနာနည်းပြအဖြစ် ယနေ့မှာ တရားဝင်ကြေညာချက်ထုတ်တော့မှာ ဖြစ်ပါတယ်။


ဗယ်လက်ကာနိုကို ပြီးခဲ့တဲ့လက ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ရှုံးနိမ့်အပြီး ထုတ်ပယ်ခံရတဲ့ ရော်နယ်ကိုးမန်းနေရာမှာ ဇာဗီအစားထိုးသွားမှာ ဖြစ်ပြီး ၂နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာနည်းပြသစ်ဖြစ်လာမယ့် ဇာဗီနဲ့အတူ နူးကမ့်မှာ ၂၀၀၂ကနေ ၂၀၁၅ခုနှစ်အထိ လက်တွဲကစားခဲ့သူဖြစ်ပြီး လာလီဂါအမှတ်ပေးဖလား ၈ကြိမ်၊ ချန်ပီယံလိဂ်၄ကြိမ် ရယူထားခဲ့ပါတယ်။


အသင်းဖော်ဟောင်းဇာဗီဟာ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီလို့အင်နီယေစတာက အခိုင်အမာပြောလိုက်ပါတယ်။ “သူ ဒီအတွက် ပြင်ဆင်နေခဲ့ပါတယ်။သူ လေ့ကျင်နေခဲ့ပြီး ပြင်ဆင်ကြိုးစားခဲ့ပါတယ်။ သူက ပြီးပြည့်စုံပြီး သင့်လျော်မယ်သူပါ ဒါကသေချာပါတယ် ကလပ်အကြောင်းကို သူသိတာနဲ့တင်မဟုတ်ပါဘူး စိန်ခေါ်မှုကို သူ ကြိုတင်ပြင်ဆင်ခဲ့ထားလို့ဖြစ်ပါတယ်”


“ဒါက အရေးကြီးပါတယ် ကစားသမားအဖြစ်နဲ့တင်မဟုတ်ဘဲ နည်းပြတစ်ဦးအဖြစ်နဲ့ပါ သူ ရင်ဆိုင်ဖို့အဆင်သင့်ပါဘဲ။ သူကို အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးချင်ပြီး အဆင်ပြေမယ်ဆိုတာ အာမခံပါတယ်။ဘာလို့လဲဆိုတော့ စိန်ခေါ်မှုအတွက် သူ အရမ်းစိတ်လှုပ်ရှားနေပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။


ဇာဗီရဲ့ ပထမဆုံးပွဲဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး နိုဝင်ဘာ၂၀ရက်မှာ ကစားမယ့် အက်စပန်ညိုနဲ့ဒါဘီပွဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကိုဗစ်ပြဿနာကြောင့် ဒေါ်လာ၁ဘီလျံနီးပါး  အကြွေးတင်နေကာ ကစားသမားသစ် ခေါ်ယူမှုပိုင်းမှာ ဇာဗီအတွက်ကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရဖွယ် ရှိပါတယ်။ ယာယီနည်းပြ ဘာဂျူအန်ကိုင်တွယ်တဲ့ ယခုတစ်ပတ်လာလီဂါပွဲမှာလည်း ဆဲလ်တာဗီဂိုနဲ့၃-၃ သရေကျခဲ့ကာ ရလဒ်တွေ ဆိုးရွားနေတုန်းဖြစ်ပါတယ်။ 


ကာတာကလပ်က ၂ရာသီအတွင်း ဆုဖလား၆လုံးရယူခဲ့သော ဇာဗီကို ဆက်ထိန်းလိုခဲ့ပေမယ့် ဇာဗီကိုယ်တိုင်က ငယ်မွေးခြံပေါက်ကလပ် ဘာကာကို ပြန်သွားချင်တယ်လို့လူသိရှင်ကြား ဖွင့်ဟပြီးနောက်မှာ လက်လွတ်ခဲ့တာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ကိုးလ်မန်း #အင်နီယေစတာ