ရှေ့သို့
Image

အမေ့လျော့ခံနောက်ခံလူ ဖီးလ်ဂျုံးစ်ကို အသင်းပေါင်း ၁၃ သင်းခန့် စိတ်ဝင်စားနေ

10:41 AM, 8 November

မန်ချက်စတာယူနိုက်တက်ခံစစ်မှူး ဖီးလ်ဂျုံးစ်ကတော့ သူ့ရဲ့အသင်းမှာ ပါဝင်ကစားခွင့်မရတော့ ၂ နှစ်နီးပါးရှိခဲ့ပါပြီ။ ဒါပေမယ့် အခုချိန်မှာတော့ နယူးကာဆယ်နဲ့ ဝက်ဖို့ဒ်အပါအဝင် အသင်းစုစုပေါင်း ၁၃ သင်းခန့်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ နောက်ခံလူဟာ မကြာခဏဒဏ်ရာ ရတတ်ပေမယ့်လည်း အင်္ဂလန်ဘောလုံးလောကနဲ့ အသားကျပြီးဖြစ်တဲ့အပြင် ဘောလုံးအရည်အသွေးကောင်းတွေ ကျန်ရှိနေသေးတယ်လို့ အင်္ဂလန်အသင်းအတော်များများက ယူဆထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ပြီး လက်ရှိဒါဘီကောင်တီအသင်းရဲ့ နည်းပြတာဝန်ကို ရယူထားတဲ့ ဝိန်းရွန်းနီကလည်း ဂျုံးစ်ကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဒါဘီကောင်တီရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် ခေါ်ယူဖို့ မသေချာတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျုံးစ်ဟာ ပြင်းထန်တဲ့ကာလရှည် ဒူးဒဏ်ရာကို ၂၀၂၀ နွေရာသီကမှ ခွဲစိတ်ကုသမှုခံယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒဏ်ရာကပြန်သက်သာလာပြီး အဆင်သင့်ဖြစ်နေပေမယ့်လည်း ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်း အတွက် တစ်ပွဲမှကို ကစားခွင့်မရသေးပဲ ခြေစမ်းပွဲတစ်ချို့မှာသာ ကစားခွင့်ရရှိထားပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ ခံစစ်မှာ ရာဖေးလ်ဗာရာနီနဲ့ ဗစ်တာလင်ဒီလော့ဖ်တို့ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် ဂျုံးစ်အတွက် နေရာတစ်ခု အရရှိလာဖွယ်ရှိတယ်လို့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက ယုံကြည်နေပါတယ်။ ဂျုံးစ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း meme တစ်ခုအနေနဲ့ ဟာသအလုပ်ခံခဲ့ရပေမယ့်လည်း ဆာအဲလက်စ်ဖာဂူဆန် လက်ထက်က ကစားသမားဆိုလို့ လက်ရှိအသင်းမှာ ဂိုးသမားဒေးဗစ်ဒီဂီယာနဲ့ ဖီးလ်ဂျုံးစ်တို့ နှစ်ဦးသာကျန်ပါတော့တယ်။

ဂျုံးစ်ဟာ ဖာဂူဆန်လက်ထက်တုန်းကတော့ ယူနိုက်တက်ရဲ့ အကောင်းဆုံး လူငယ်နောက်ခံလူတစ်ယောက် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂျုံးစ်ဟာ လက်ရှိယူနိုက်တက်အသင်းရဲ့ အပယ်ခံတစ်ယောက်ဖြစ်နေပေမယ့် သူ့ရဲ့ကစားသမားဘဝမှာတော့ ၂၀၁၂-၁၂ မှာ ပရီးမီးယားလိဂ်နဲ့ ၂၀၁၅-၁၆ မှာ FA ဖလား တို့ကို ဆွတ်ခူးထားခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေ ရရှိထားတဲ့ ဂျုံးစ်လိုကစားသမားကို အင်္ဂလန်ကလပ် စိတ်ဝင်စားနေတာ ဆန်းတော့မဆန်းပါဘူး။

ဂျုံးစ်ရဲ့ ယူနိုက်တက်နဲ့ စာချုပ်ကတော့ ၂၀၂၃ မှ ကုန်ဆုံးမှာဖြစ်လို့ အပြီးသတ်ခေါ်ယူလိုသူတွေအနေနဲ့ ယူနိုက်တက်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုတော့ ပေးရနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ်