ရှေ့သို့
Image

မန်စီးတီးကို မယှဉ်နိုင်ခဲ့ပါဘူးလို့ အိုလီဂန်နာဆိုးလ်ရှား ဝန်ခံ

5:02 PM, 7 November

စနေညက အိုးလ်ထရက်ဖို့ဒ်မှာ အဲရစ်ဘိုင်လီရဲ့ own goal၊ ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးတို့နဲ့ ၂-ဝနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်ဟာ စီးတီးကို မယှဉ်နိုင်ခဲ့ပါဘူးလို့ နည်းပြအိုလီဂန်နာဆိုးလ်ရှားက ဝန်ခံသွားခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ ဒီဂီယာရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့်သာ လီဗာပူးနဲ့ပွဲတုန်းကလို ၅ ဂိုးအရေးမနိမ့်တာဖြစ်ပြီး ခြေစွမ်းပိုင်းအရတော့ စီးတီးက အပြတ်အသတ် အသာစီးရခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ အဆင့် ၁၀ လောက် ကျသွားနိုင်တဲ့ အခြေအနေတွေရှိနေပေမယ့် ကြားထဲမှာ နိုင်ငံတကာပွဲတွေ ကစားရတော့မှာဖြစ်တာကြောင့် နည်းပြဆိုးလ်ရှားရဲ့ ရာထူးအတွက်တော့ အနည်းငယ်စိတ်အေးစရာ ဖြစ်သွားခဲ့ပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာ အချိန်ထပ်ရထားတာလားလို့ မေးမြန်းရာမှာတော့ ယူနိုက်တက်နည်းပြက “ မဟုတ်ပါဘူး၊ အသင်းနဲ့ ကျွန်တော်က တစ်ချိန်လုံးအဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့အခြေအနေနဲ့ ပက်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။ 

ကျွန်တော်က မန်ချက်စတာယူနိုက်တက်အတွက် အလုပ်လုပ်နေသူဖြစ်လို့ အကောင်းဆုံးတွေကိုပဲ ဖန်တီးပေးချင်ပါတယ်။ ဒီအသင်းတိုးတက်စေမယ့်အရာတွေကိုပဲ လုပ်ချင်ပါတယ်၊ ကျွန်တော်တို့ ကစားပုံနဲ့ပက်သက်လို့လည်း အမြဲလိုလို ကြိုးစားပြင်ဆင်ထားပါတယ်။ ဒီချိန်မှာ ချန်ပီယံဆုအကြောင်း ပြောဖို့စောသေးတယ်ဆိုပေမယ့် ချန်ပီယံလမ်းကြောင်းပေါ်ကို ကျွန်တော်တို့ အမြန်ဆုံးတက်နိုင်ဖို့ လိုပါတယ်။ 

ပြီးခဲ့တဲ့ရာသီကလည်း ဇယားတစ်ဝက်လောက်ကနေ ထိပ်ပိုင်းကို တက်နိုင်ခဲတာပါ၊ ဒီရာသီလည်း ဒီအတိုင်းဖြစ်နိုင်ပါတယ်။ ဒါဘီလိုပွဲတစ်ပွဲမှာ သွင်းဂိုးတစ်ဂိုးပေးလိုက်ရရုံနဲ့ ကစားရတာ အရမ်းခက်ခဲသွားနိုင်ပါတယ်။ ဒေးဗစ်ရဲ့ ကာကွယ်မှုတွေက ပွဲအရှိန်ကို ထိန်းပေးလိုက်နိုင်တာလို့ ထင်တယ်။ ဒုတိယဂိုးကတော့ သူတို့သွင်းနေကျ ပုံစံအတိုင်းပဲ သွင်းသွားခဲ့တာပါ ” လို့ ပြောသွားခဲ့ပါတယ်။ 

ဘိုင်လီရဲ့ အံ့အားသင့်ဖွယ် ကိုယ့်ဂိုးကိုယ်သွင်းယူမှု အပြီးမှာတော့ မန်စီးတီးရဲ့ ဒုတိယဂိုးကို ကန်ဆယ်လိုရဲ့ အနိမ့်ဘောပေးပို့မှုကနေ ဘာနာဒိုဆေးလ်ဗားက ပိတ်သွင်းပြီး ရယူသွားခဲ့ပါတယ်။ ဒီဂိုးပေးလိုက်ရတဲ့ အနေအထားမှာ ဆေးလ်ဗားအနားမှာ ရှိနေခဲ့တဲ့ လုခ်ရှောနဲ့ မက်ဂွာရီတို့ရဲ့ အာရုံစူးစိုက်မှု အားနည်းပုံကို သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဆိုးလ်ရှား