ဆဲလ်တာနဲ့ သရေကျတဲ့ပွဲမှာ ဒဏ်ရာထပ်ရခဲ့ပြန်တဲ့ လူငယ်ကြယ်ပွင့် ဖာတီ
10:13 AM, 7 November
ဆဲလ်တာဗီဂိုအသင်းနဲ့ ၃-၃ သရေကျတဲ့ ပွဲမှာ လူငယ်ကြယ်ပွင့် အန်ဆူ ဖာတီဟာ ဒဏ်ရာရရှိသွားကြောင်း ဘာစီလိုနာအသင်းက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဘောလုံးကို ပြန်လည်လိုက်လုရာမှာ ဖာတီတစ်ယောက် ပထမပိုင်းမှာတင် ဒဏ်ရာရသွားကာ လူစားလဲလိုက်ရတာ ဖြစ်ပြီး ဘာကာပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
အသက်၁၉နှစ်သားဟာ ပြီးခဲ့တဲ့၁၂လုံး ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပြီး ၂၀၂၁ရာသီမှာတော့ အသင်းမှာ ပြန်လည်ပါဝင်ကစားနိုင်ကာ ဆဲလ်တာနဲ့ပွဲတွင် အဖွင့်ဂိုးအပါအဝင် ၄ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ ပွဲအပြီး ကလပ်အသင်းဆေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ ဖာတီဟာ တံကောက်ကြောကြွက်သားဒဏ်ရာ ရခဲ့တာလို့ဘာစီလိုနာက အတည်ပြုခဲ့ပါတယ်။
အချိန်အတိအကျ အနားရမယ့်သတင်းကို ဘာကာအသင်းက ထုတ်ပြန်ခဲ့ခြင်းမရှိပေမယ့် ခန့်မှန်းထားချက်အရ အနည်းဆုံး ၅ပတ်တာ နားရမည်ဟု ဆိုသည်။ ဒဏ်ရာရခဲ့တဲ့ဖာတီဟာ ၂၀၂၂ ကမ္ဘာဖလားခြေစစ်ပွဲဝင်မယ့် စပိန်အသင်း လူစာရင်းကနေ နူတ်ထွက်ခဲ့ပြီး စပိန်အသင်းကလည်း ဖာတီနေရာမှာ အက်စပန်ညိုကြယ်ပွင့် ရာအူးလ် ဒီသောမတ်စ်ကို ပထမဆုံးရွေးချယ်တဲ့ အနေနဲ့ အစားထိုးခေါ်ယူခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပွဲအစ ၅မိနစ်မှာတင် ဖာတီရဲ့ ဘယ်ခြမ်းကနေ ပြေးဝင်ကန်သွင်းမှုကနေ အဖွင့်ဂိုးစရခဲ့ပြီး အဲဒီနောက် ကွင်းလယ်လူ ဘက်စ်ကွက်က စည်းထိပ်ကနေ ဝေ့ဝိုက်သွင်းယူကာ ဒုတိယဂိုးရခဲ့ပါတယ်။ မကြာဘူး မိနစ်၃၀ကျော်မှာဘဲ ဘယ်ခြမ်းက ဂျော်ဒီအယ်လ်ဘာရဲ့ ဖြတ်တင်ဘောကနေ မန်းဖစ်က ခေါင်းတိုက်သွင်းယူကာ ၃ဂိုးပြတ်စေခဲ့ပါတယ်။ ပထမပိုင်းမပြီးခင်မှာ ဖာတီဒဏ်ရာရသွားခဲ့လို့ လူစားလဲရာကနေ ဘာကာအသင်း အိပ်မက်ဆိုး စတင်ခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။
ဒုတိယပိုင်းတွင် ဆဲလ်တာတိုက်စစ်မှူး အက်စ်ပက်က ဘာကာအသင်းခံစစ် ရှင်းထုတ်ပုံ မသေသပ်တာကနေ ပိတ်သွင်းပြီး ၅၁မိနစ်မှာ ချေပဂိုးတစ်ဂိုး စရခဲ့ပါတယ်။အဲဒီနောက် အားတက်လာတဲ့ ဆဲလ်တာရဲ့တိုက်စစ်ကို ဘာကာခံစစ် အလူးအလဲကာလာရပြီး ၇၄မိနစ်မှာတော့ ဘာကာနောက်တန်း လူကပ်ပုံအားနည်းချက်ကနေ နိုလီတိုက စည်းတွင်းထဲ အပိုင်ခေါင်းတိုက်ကာ ဒုတိယချေပဂိုး သွင်းယူခဲ့ပါတယ်။ နောက်ဆုံးပွဲသိမ်းဂိုးကတော့ ဘာကာအတွက် အထိနာဆုံးဖြစ်ခဲ့ပြီး ၉၅မိနစ်မှာ အက်စ်ပက်က ထောင့်ကျဉ်းထဲကို ပတ်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘာကာအတွက်ကတော့ ကြယ်ပွင့်ကစားသမား ဖာတီကိုလည်း ဆုံးရှုံး အဖိုးတန် ၂မှတ်ကိုလည်း ဆုံးရှုံးခဲ့ပါတယ်။