တော့တင်ဟမ်မှာ ဒယ်လီအလီကို အခွင့်အရေးပေးသွားမယ်လို့ ကွန်တီအခိုင်အမာပြော
10:03 AM, 7 November
တော့တင်ဟမ်မှာ ကိုယ်ကိုကိုယ်သက်သေပြနိုင်ဖို့ ဒယ်လီအလီကို အခွင့်အရေးပေးသွားမယ်လို့ နည်းပြကွန်တီက အခိုင်အမာပြောလိုက်ပါတယ်။ နည်းပြဟောင်းတွေဖြစ်တဲ့ မော်ရင်ဟို၊ နူနိုဆန်းတို့စ်တို့လက်အောက်မှာ ခြေစွမ်းလျော့ကျပြီး နေရာမရဖြစ်ခဲ့တဲ့ အလီတစ်ယောက် အသင်းမှာ ခက်ခဲတဲ့ ကာလတွေဖြတ်သန်းနေရပြီး ပရိသတ်တွေကလည်း ၎င်းကို ရောင်းထုတ်လိုကြတာ ဖြစ်ပါတယ်။
ကွန်တီကိုင်တွယ်တဲ့ ယူရိုပါလိဂ်ကွန့်ဖရက်စ်ပွဲတွင် ဗီတက်စီကို ၃-၂ဂိုးဖြင့် အနိုင်ရခဲ့ရာမှာ ဒယ်လီအလီတစ်ယောက် အရန်ခုံမှာသာ ရှိနေခဲ့လို့နည်းပြသစ်လက်အောက်မှာလည်း ပွဲထွက်ခွင့် မရနိုင်ဟု ထင်ကြေးပေးခံလာရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ယနေ့မှာ အဲဗာတန်အသင်းနှင့် ရင်ဆိုင်ရာမှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို ကိုင်တွယ်မယ့် ကွန်တီက ဒယ်လီသာ နေရာတစ်နေရာအတွက် တိုက်ပွဲဝင်မယ်ဆိုရင် အခွင့်အရေးပေးသွားမယ်လို့ အာမခံ ပြောကြားလိုက်ပါတယ်။
“ဒယ်လီက အလားအလာကောင်းတွေရှိတဲ့ ကစားသမားကောင်းတစ်ဦးပါ ကြံခိုင်မှုပိုင်းအရ သူသန်မာတယ် သူက အရမ်းတော်တဲ့ကစားသမားပါ သူရဲ့ အရည်အသွေးကို ထုတ်ပြဖို့ကျွန်တော် သူ့ကို အခွင့်အရေးပေးမယ်ဆိုတာ သေချာပါတယ်။တစ်ချိန်တည်းမှာဘဲ ကျွန်တော် ပွဲထွက်၁၁ယောက်ကို စဉ်းစားမှာပါ ဒီပွဲထွက်၁၁ယောက်ဟာ အသင်းကို ကူညီနိုင်ရပါမယ် အလားတူ ပွဲအတွင်း ပြောင်းလဲမှုတွေလုပ်ရာမှာလည်း ကျန်တဲ့သူတွေကလည်း အကူအညီဖြစ်ရပါမယ်”ဟုဆိုသည်။
ကွန်တီအနေနဲ့ အလီရဲ့ အရည်အသွေးကို သိရှိခဲ့တဲ့ ပွဲရှိခဲ့ဖူးပါတယ်။ ၂၀၁၇ ဇန်နဝါရီလက ချဲလ်ဆီးအသင်းကို ကွန်တီကိုင်တယ်စဉ် တော့တင်ဟမ်အသင်းကို ၂ဂိုးပြတ်ရှုံးခဲ့ရာမှာ အလီက ၂ဂိုးစလုံးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲဟာ ကွန်တီရဲ့ ချဲလ်ဆီးအသင်းအတွက် လိဂ်၁၃ပွဲဆက် နိုင်ပွဲရရှိမှု ရပ်တန့်ခဲ့တဲ့ ပွဲစဉ်လည် ဖြစ်ပါတယ်။
အလီဟာ အသက်၂၃နှစ်အရွယ်မှာဘဲ ပရီးမီးယားလိဂ်ဂိုး၅၀ပြည့် သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလန်ကွင်းလယ်လူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအသက်၂၅နှစ်မှာတော့ သူရဲ့ ဂိုးသွင်းစွမ်းရည်တွေက ကျဆင်းလျက်ရှိပါတယ်။ “တော့တင်ဟမ်နဲ့အတိတ်မှာ ကစားခဲ့တုန်းကအချိန်တွေ ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်” ဟု ကွန်တီက ဆက်ပြောပါတယ်“
အထူးသဖြင့် ၁၃ပွဲဆက်တိုက်နိုင်လာတဲ့အချိန် တော့တင်ဟမ်နဲ့ပွဲမှာ ကျွန်တော်တို့ရှုံးခဲ့တယ် ဒယ်လီက ၂ဂိုးသွင်းခဲ့တယ် ဒါပေမဲ့ ဒါက အတိတ်မှာ ကျန်ခဲ့ပါတယ် အခုက လက်ရှိပေါ့ဗျာ။ ကျွန်တော် တော့တင်ဟမ်မှာ ရှိတဲ့ ကစားသမားတိုင်းကို ပွင့်လင်းမှုရှိပါတယ်။
အရေးကြီးဆုံးက သူတို့ကျွန်တော့်ကို သက်သေပြရမယ်။ ကျွန်တော်အခွင့်အရေးပေးတဲ့အချိန် သူတို့ကျွန်တော့်ဆီ ပြန်ပေးလာအောင် လုပ်ရပါမယ်။ တော့တင်ဟမ်ရှိ ကစားသမားတိုင်းဖြစ်ပါတယ် အခု ကျွန်တော်တို့ဇီးရိုးကနေ စတင်မှာပါ နည်းပြသစ်ရှိလာပြီ။ ပွဲထွက်မှာ ပါဝင်ခွင့်ထိုက်တန်တယ်ဆိုတာ ငါ့ကို ပြစမ်းပါ ဒါဆိုရင် သင်တို့ကိုလည်း ငါအခွင့်အရေးပြန်ပေးမယ်လို့ကစားသမားတိုင်းကို ပြောပြထားပါတယ်” ဟု ကွန်တီက ပြောကြားသွားခဲ့ပါတယ်။