ပရီးမီးယားလိဂ် ပထမဆုံးနိုင်ပွဲရခဲ့ပေမဲ့ ဒန်နီရယ် ဖာကီကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ နောဝစ်ချ်
7:53 AM, 7 November
နောဝစ်ချ်အသင်းဟာ ပရီးမီးယားလိဂ် ၁၁ပွဲမြောက်မှာ ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပေမဲ့ အသင်းကတော့ နာရီပိုင်းအကြာမှာပဲ နည်းပြ ဒန်နီရယ် ဖာကီကို ထုတ်ပယ်ခဲ့ပါတယ်။ နောဝစ်ချ်အသင်းဟာ နော်မန်း၊ ပူကီတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့အတူ ဘရန့်ဖို့ဒ်ကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
နောဝစ်ချ်အတွက် ယခုနှစ်ရာသီ ပထမဆုံးနိုင်ပွဲအတွင်း ဘရန့်ဖို့ဒ်က နော်ဂတ်ရဲ့ သွင်းယူမှုကို ဂိုးသမား တင်ကရူလ် လက်စွမ်းပြ ကာကွယ်ခဲ့တာကြောင့် နိုင်ပွဲရခဲ့တာလည်း ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်တို့ တောက်လျောက် ဖိအားပေးကစားခဲ့ပြီး အမ်ဘွီမိုရဲ့ သွင်းယူမှုကလည်း လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
နည်းပြ သောမက်စ် ဖရန့်ခ်က “ကျွန်တော် တောက်လောင်နေပါတယ်။ ကျွန်တော် ရှုံးတာကို မုန်းပါတယ်။ ဒီည ကျွန်တော် စိတ်မကောင်း ဖြစ်နေမှာ ဖြစ်ပေမဲ့ နောက်ပွဲအတွက် ပြင်ဆင်ဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ နောက်ဆုံး ရှုံးခဲ့တဲ့ ၄ပွဲမှာ ၃ပွဲက နိုင်သင့်ပြီး ဘန်လေနဲ့ ပွဲကတော့ စွမ်းဆောင်ရည် မကောင်းခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။