ရှေ့သို့
Image

တော့တင်ဟမ်နည်းပြသစ် ကွန်တီဖြစ်လာခြင်းနှင့်အတူ ကမ္ဘာ့လစာအကောင်းဆုံးနည်းပြ ၁၀ဦးနေရာ အပြောင်းအလဲဖြစ်

2:54 PM, 5 November

တော့တင်ဟမ်နည်းပြသစ်အဖြစ် ကွန်တီဟာ မနေ့ကဗီတက်စီကို ၃-၂ဂိုးဖြင့် နိုင်တဲ့ပွဲမှာ ပထမဆုံး ပွဲအား ကိုင်တွယ်သွားခဲ့ပါတယ်။ ကွန်တီပါဝင်လာခြင်းနှင့်အတူ ကမ္ဘာပေါ်တွင် လစာအကောင်းဆုံးဘောလုံးအသင်းနည်းပြ ၁၀ဦးနေရာက အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။


၁၀။ ကားလို့စ် အန်ဆယ်လော့တီ - တစ်နှစ် ပေါင်၅သန်း

ရီးရဲလ်မက်ဒရစ်အသင်းက အဲဗာတန်မှာ ၁နှစ်ခွဲကိုင်တွယ်ခဲ့တဲ့ ကားလို့စ်အန်ဆယ်လော့တီကို ပြန်ခေါ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် အီတလလီသားဟာ တစ်နှစ်လစာပေါင်၁၀သန်းဖြင့် ကမ္ဘာ့လစာအကောင်းဆုံးနည်းပြ၁၀ဦးထဲတွင် ပါဝင်လာပါတယ်။

အသင်းထံတစ်ကျော့ပြန် ကိုင်တွယ်ထားရာတွင် အန်ဆယ်လော့တီဟာ လာလီဂါတွင် ၁ပွဲသာ ရှုံးထားပြီး ဒုတိယနေရာတွင် ရှိနေကာ ဆိုစီဒက်နဲ့တစ်ပွဲလျော့ တစ်မှတ်အကွာမှာ ရှိနေပါတယ်။


၉။ သောမတ်စ် တူချယ် - ပေါင်၅.၅သန်း

ချန်ပီယံလိဂ်ဖလားရယူထားတဲ့ ချဲလ်ဆီးနည်းပြ တူချယ်ဟာ တစ်နှစ် ပေါင်၅.၅သန်း ရရှိနေပါတယ်။၎င်းကို ဇန်နဝါရီလက ခန့်အပ်ခဲ့ပြီး ချဲလ်ဆီးအတွက် အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကာ စူပါဖလားပါ ရယူထားပြန်သလို ယခုနှစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ထားပါတယ်။

ချဲလ်ဆီးနည်းပြအဖြစ်နဲ့တူချယ်ဟာ နိုင်ပွဲရရှိမှု ၇၀% ရထားပြီး လန်ဒန်ကလပ်နဲ့ ၂၀၂၄ခုနှစ် နွေရာသီကာလအထိ စာချုပ်ရှိထားပါတယ်။


၈။ ပိုချက်တီနို - ပေါင်၆သန်း

တူချယ်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ လစာအကောင်းဆုံးတွင် အဆင့်၈နေရာမှာ ရှိနေပါတယ်။ အာဂျင်တီးနားသားဟာ နှစ်တိုင်း တူချယ်ထက် ပေါင်၅သိန်းပိုရနေပြီး သူရဲ့ ပထမဆုံးရာသီမှာဘဲ ပြင်သစ်ဖလားတစ်လုံး ရရှိထားပါတယ်။ လက်ရှိအသင်းလူစာရင်းမှာ နေမာ၊ မက်ဆီ၊ မက်ပီတို့ရှိနေတဲ့အတွက် ချန်ပီယံလိဂ်တွင် ပိုချက်တီနိုရဲ့အသင်းဟာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်း ရှိနေပါတယ်။


၇။ ဂျူလီယန် နဂဲစ်မန်း - ပေါင်၇သန်း

ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်ကနေ နဂဲစ်မန်းကို ထွက်လာစေဖို့ပေါင်၂၂သန်း လျော်ကြေးပေးခဲ့ရပြီး  ဂျာမနီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဟန်စီဖလစ်နေရာ အစားထိုးဝင်ရောက်ခဲ့ပါတယ်။

အသက်၃၄နှစ်အရွယ် နည်းပြနဂဲစ်မန်းဟာ အသင်းသစ်မှာ ရလဒ်ကောင်းနေပြီး ၁၀ပွဲအပြီး ဘွန်ဒက်စ်လီဂါ ထိပ်ဆုံးမှာ ရပ်တည်နေကာ ၁၀နှစ်ဆက်တိုက် အမှတ်ပေးဖလားရယူရန် ပစ်မှတ်ထားလျက် ရှိနေပါတယ်။


၆။ အယ်လီဂရီ - ပေါင်၇.၅သန်း

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ပြီးခဲ့တဲ့နှစ်က စီးရီးအေဖလား၁၀ကြိမ်ဆက်တိုက် ရယူနိုင်ဖို့လွဲချော်ခဲ့တာကြောင့် အင်တာမီလန်ဆီက သရဖူကို ပြန်လည်လုယူနိုင်ရန် နည်းပြဟောင်း အယ်လီဂရီကို ပြန်ခေါ်ခဲ့ပါတယ်။

အိုးလေဒီကို ပြန်ရောက်လာရာတွင် အယ်လီဂရီဟာ တစ်နှစ် ပေါင်၇.၅သန်း ရရှိနေကာ မထင်မှတ်ထားတာတော့ အသင်းဟာ ယခုနှစ် စီးရီးအေမှာ ရလဒ်တွေဆိုးရွားနေပါတယ်။

၁၁ပွဲအပြီးမှာ တူရင်ကလပ်ဟာ အဆင့်၉နေရာတွင် ရပ်တည်နေပြီး ရာသီအစ၄ပွဲမှာလည်း တန်းဆင်းဇုန်အောက်အသင်း ၃သင်းနေရာကို ရောက်ခဲ့ဖူးပါတယ်။


၅။ ဂျာဂင်ကလော့ပ် - ပေါင်၉သန်း

လစာအကောင်းဆုံး နည်းပြတွေထဲမှာ တတိယမြောက် ဂျာမန်သားနည်းပြ ဖြစ်ပါတယ် လီဗာပူးနည်းပြ ကလော့ပ်ဟာ တစ်နှစ်ပေါင်၉သန်းရနေပြီး သူရဲ့စာချုပ်က ၂၀၂၄ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

သူရဲ့ စာချုပ်ကုန်ဆုံးချိန်တွင် လီဗာပူးကနေ ထွက်ခွာသွားမယ်လို့ကလော့ပ်က အရိပ်အမြွက် ဆိုထားပြီး အသင်းနဲ့စာချုပ်သစ် ထပ်မချုပ်ထားပါဘူး။

၂၀၁၅ခုနှစ်က စတင်တာဝန်ယူပြီးနောက်ပိုင်း ကလော့ပ်က လီဗာပူးအသင်းကို ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူပေးထားသလို နှစ်ပေါင်း၃၀အတွင်း ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူပေးထားပါတယ်။


၄။  မော်ရင်ဟို -  ပေါင်၁၁သန်း

နှစ်ပေါင်း၂၀အတွင်း မော်ရင်ဟိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရအရှိဆုံး နည်းပြတစ်ဦးဖြစ်ပြီး ပေါ်တို၊ချဲလ်ဆီး၊ အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်အသင်း အစရှိတဲ့ ထိပ်တန်းအသင်းတွေ နည်းပြထားပါတယ်။ယခုနှစ် ဧပြီမှာ စပါးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ၁၁နှစ်အကြာမှာ အီတလီကို ပြန်အခြေချခဲ့ပြီး ဖွန်ဆီကာနေရာ ရိုးမားအသင်းနည်းပြဖြစ်လာခဲ့ပါတယ်။

ရိုးမားအသင်းမှာ တစ်နှစ်ကို ပေါင်၁၁သန်းအထိ ရရှိနေပေမယ့် လက်ရှိတွင် ရိုးမားအသင်းဟာ စီးရီးအေနှင် ဥရောပပြိုင်ပွဲတွေမှာ ခြေစွမ်းအတက်အကျများလျက်  ရှိနေပါတယ်။


၃။ ဒီယိုဂို ဆီမြွန်နီ - ပေါင်၁၂.၅သန်း

အက်သလက်တီကိုမှာ ရှိနေတဲ့ ၁၀နှစ်တာကာလအတွင်း ဆီမြွန်နီဟာ လာလီဂါဖလား၂လုံး၊ ယူရိုပါလိဂ်ဖလား ၂လုံး ရယူပေးထားပါတယ်။ အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်၂ကြိမ် ရောက်အောင် စွမ်းဆောင်ပေးထားခဲ့ပေမယ့် ဖိုင်နယ်မှာ မြိုခံပြိုင်ဘက် ရီးရဲလ်ကို ရှုံးနိမ့်ထားခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အသင်းကြီးတစ်သင်းဖြစ်အောင် စွမ်းဆောင်ပေးထားတဲ့အတွက် အက်သလက်တီကိုအသင်းက ဆီမြွန်နီကို တစ်နှစ် ပေါင်၁၂.၅သန်းအထိ  ပေးကာ လစာတိုးမြှင့်ပေးထားပါတယ်။


၂။ အန်တိုနီယို ကွန်တီ - ပေါင်၁၃သန်း

စပါးနည်းပြ ကွန်တီက ကြာသပတေးက အသင်းထံ ရောက်လာရာမှာတော့ လစာအကောင်းဆုံးနည်းပြစာရင်းတွင် ဒုတိယနေရာသို့ရောက်လာပါတယ်။

သတင်းတွေအရ ၎င်းဟာ တစ်နှစ် ပေါင်၁၃သန်း ရရှိကာ ဒုတိယနေရာသို့ရောက်လာပြီး ပရီးမီးယားလိဂ်တွင် ဒုတိယမြောက် လစာအကောင်းဆုံး နည်းပြ အဖြစ် ရပ်တည်နေပါတယ်။

အီတလီသားနည်းပြဟာ ဂျူဗင်တပ်စ်၊ ချဲလ်ဆီး အသင်းတွေမှာ အမှတ်ပေးဖလားတွေ ရခဲ့သလို အင်တာအသင်းကိုလည်း ၁၁နှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေဖလားကို ရယူပေးထားပါတယ်။


၁။ ပက်ဂွါဒီယိုလာ - ပေါင်၁၉.၅သန်း

ကွန်တီရဲ့ တစ်နှစ်လစာက လစာအကောင်းဆုံးနည်းပြဖြစ်နေတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကို မမီသေးပါဘူး။ စပိန်သား ဂွါဒီယိုလာဟာ ၂၀၁၆ခုနစ်က ပယ်လီဂရီနီနေရာမှာ မန်စီးတီးအသင်းကို အစားထိုး ကိုင်တွယ်လာသူ ဖြစ်ပြီး ၅နှစ်အတွင်း အမှတ်ပေးဖလား ၃ကြိမ်၊အက်ဖ်အေဖလား ၁ကြိမ်၊ လိဂ်ဖလား ၄ကြိမ်၊ ချန်ပီယံလိဂ်ဖိုင်နယ် တစ်ကြိမ် တက်ရောက်ထားနိုင်ခဲ့ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ဂွါဒီယိုလာ #မော်ရင်ဟို #ကလော့ပ် #အယ်ဒီတာအကြိုက် #ဆီမြွန်နီ #အယ်လီဂရီ