ရှေ့သို့
Image

နောက်ခံလူဗာရာနီ ဒဏ်ရာကြောင့် တစ်လခန့်နားရမည်ဟု မန်ချက်စတာယူနိုက်တက်အတည်ပြု

10:10 AM, 4 November

အဓိကနောက်ခံလူ ဗာရာနီဟာ ဒဏ်ရာကြောင့် တစ်လခန့်နားရမည်ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက အတည်ပြုထုတ်ပြန်သွားခဲ့ပါတယ်။

အတ္တလန္တာအသင်းနဲ့အင်္ဂါည ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွင် ပေါင်ခြံဒဏ်ရာကနေ သက်သာပြီး ဒုတိယပွဲသာ ကစားထားသေးတဲ့ ဗာရာနီဟာ တံတောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ ဗုဒ္စဟူးနေ့က ဒဏ်ရာစစ်ဆေးမှု လုပ်ခဲ့ပြီး စနေညမှ ကစားမယ့် မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးပွဲအပါအဝင် ဝက်ဖို့ဒ်၊ ဗီလာရီးရဲလ်၊ ချဲလ်ဆီး၊ အာဆင်နယ်ပွဲတွေကို ဆက်တိုက်လွဲချော်သွားဖို့ရှိကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။

ဗာရာနီမပါဝင်တော့တဲ့သတင်းဟာ နောက်ဆုံး၃ပွဲမှာ ၁၁ဂိုးအထိ ပေးထားရတဲ့ ယူနိုက်တက်ခံစစ်နဲ့အတူ နည်းပြဆိုးလ်ရှားအတွက် ဆုံးရှုံမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

အတ္တလန္တာကို သရေကျတဲ့ ပွဲမှာ ဒဏ်ရာကြောင့် မပါခဲ့တဲ့ နောက်ခံလူ လင်ဒီလော့ဖ်ကိုလည်း မန်စီးတီးနဲ့ပွဲမှာ ဆိုးလ်ရှားတစ်ယောက် လက်လွတ်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဗဟိုနောက်ခံကစားသမား ရှားပါးသွားတာကြောင့် စပါး၊ အတ္တလန္တာပွဲတွေမှာ အသုံးပြုခဲ့တဲ့ ခံစစ်၃ယောက်တန်း ၃-၄-၂-၁ကစားကွက်ကို ပြန်လည်ပြောင်းရနိုင်ပြီး ဒါမှမဟုတ် ဘယ်နောက်ခံကစားသမား လုရှော်ကို ဟယ်ရီမက်ဂွါယီ၊ ဘိုင်လီတို့နဲ့ ဗဟိုခံစစ်မှာ တွဲဖက်သုံးလာနိုင်ပါတယ်။

လက်ရှိ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ထိပ်ဆုံးက ရှိနေသော်လည်း ပြီးခဲ့တဲ့နှစ်က လက်ကျန်၂ပွဲမှာ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့ကို ရှုံးပြီး ယူရိုပါလိဂ် ဆင်းကစားခဲ့ရမှုကို သင်ခန်းစာယူရမည်ဟု လုရှော်က အသင်းဖော်တွေကို သတိပေးထားခဲ့ပါတယ်။

တဖက်မှာတော့ အငှားသွားကစားနေတဲ့ လူငယ်ကစားသမား တာဟစ်ဂျောင်ရဲ့ ဘာမင်ဂမ်ကစားသမားဘဝက အဆုံးသတ်ခဲ့ပြီး ပေါင်ခြံအရွတ်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ၅လခန့်အနားယူသွားရဖွယ် ရှိနေပါတယ်။



#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #အတ္တလန္တာ #ဗာရာနီ #ချန်ပီယံလိဂ်