ရှေ့သို့
Image

ဗီလာရီးရဲလ်နဲ့ လမ်းခွဲပြီး နယူးကာဆယ်ကို ကိုင်တွယ်ဖွယ်ရှိနေတဲ့ အူနိုင်းအမ်မရီ

4:12 PM, 3 November

ဗီလာရီးရဲလ်အသင်းနည်းပြ အူနိုင်းအမ်မရီကတော့ နယူးကာဆယ်အနေနဲ့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးနိုင်ခဲ့ရင် လက်ရှိအသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဗီလာရီးရဲလ်က ယန်းဘွိုင်းစ်ကို အနိုင်ရရှိခဲ့ပြီး အမ်မရီက “ သူတို့(နယူးကာဆယ်)က ကျွန်တော်ကို စိတ်ဝင်စားတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် အသင်းဆီကိုတော့ မကမ်းလှမ်းသေးပါဘူး။ ကျွန်တော်ကတော့ ဒီပွဲအပေါ်မှာပဲ အာရုံစိုက်ထားခဲ့တာပါ။

အသင်းဆီကို ကမ်းလှမ်းခဲ့ရင်၊ ကမ်းလှမ်းမှုကလည်း ကောင်းမွန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ ရိုအီဂ် (ဗီလာရီးရဲလ်ဥက္ကဌ) နဲ့ စကားပြောသွားမှာပါ။ အသင်းအတွက် လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းနိုင်ခဲ့ရင်တော့ ကျွန်တော်သူတို့နဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးသွားမှာပါ ” လို့ ပြောခဲ့ပါတယ်။

နယူးကာဆယ်ကို ပြောင်းဖို့စိတ်ဝင်စားတဲ့ သဘောလားလို့ မေးမြန်းရာမှာတော့ “ ကျွန်တော်ကတော့ အမြဲတမ်း တံခါးဖွင့်ထားတယ် ” လို့ ပြောခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဘရိုက်တန်နဲ့ အဝေးကွင်းပွဲစဉ် မတိုင်မီ အာဆင်နယ်နည်းပြဟောင်းကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ သတင်းတွေအရတော့ ၄၉ နှစ်အရွယ် နည်းပြကြီး နယူးကာဆယ် အားကစားဒါရိုက်တာ အာမန်ဒါစတေဗလီကို နယူးကာဆယ် နည်းပြရာထူးရယူဖို့ စိတ်ဝင်စားတယ်လို့ ပြောထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကနေ ဆွေးနွေးမှုတွေ စတင်ဖွယ်ရှိပြီး ကြာသပတေးနေ့ မနက်မှာ နယူးကာဆယ်အသင်းသားတွေနဲ့ ဆုံတွေ့သွားဖွယ်ရှိပါတယ်။ အဲ့ဒီနေ့ ညနေမှာပဲ ထရိန်နင်ကို စတင်နိုင်ပေမယ့်၊ စာချုပ်ချုပ်ဆိုမှု ကိစ္စတွေကတော့ ပိတ်ရက်အထိ ဆက်သွားဖွယ်ရှိနေပါတယ်၊ အဲ့ဒီချိန်အတောအတွင်းမှာ ကစားရမယ့် ဘရိုက်တန်ရဲ့ အေမက်စ်ကွင်းထဲမှာ ကစားရမယ့်ပွဲစဉ်ကိုတော့ ပွဲကြည့်စင်ကနေသာ ကြည့်ရှုသွားဖို့ ရှိနေပါတယ်။

နည်းပြဟောင်း စတိဗ်ဘရုစ်ကို ထုတ်ပယ်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆ သန်းရှိတဲ့ နည်းပြအမ်မရီဟာ နယူးကာဆယ်ရဲ့ စာရင်းထဲမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ Zoom ကနေ ဆွေးနွေးခဲ့ပြီး စတေဗလီအနေနဲပ သူ့ရဲ့အသင်းကို တန်းဆင်းဇုန်ထဲကနေ ဆွဲတင်နိုင်မယ့် နည်းပြကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

နယူးကာဆယ်ရဲ့ တွဲဖက်အသင်းပိုင်ရှင် ဦးဆောင်တဲ့ နည်းပြရှာဖွေရေး အဖွဲ့ကလည်း အာဆင်နယ်မှာပြသခဲ့တဲ့ အမ်မရီရဲ့ စွမ်းဆောင်ရည်နဲ့ အခြားအသင်းတွေကို တာဝန်ယူစဉ်က ပြသခဲ့တဲ့ အရည်အသွေးကို နှစ်သက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ အဓိကအားဖြင့်တော့ လက်ရှိတန်းဆင်းဇုန်ထဲကိုရောက်နေတဲ့ အသင်းကို အမ်မရီက အောင်မြင်တဲ့အသင်း တစ်သင်းဖြစ်လာအောင် တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

#နယူးကာဆယ် #ဗီလာရီးရဲလ် #စတိဗ်ဘရုစ် #အမ်မရီ