ရှေ့သို့
Image

၁၀ ပွဲကနေ ၂မှတ်ပဲ ရယူနိုင်ပြီးနောက် နောဝစ်ချ်နည်းပြ ဖာကီ ထုတ်ပယ်ခံရဖို့ ပိုမိုနီးစပ်လာ

10:17 AM, 3 November

ယခုရာသီ ပရီးမီးယားလိဂ်မှာ နောဝစ်ချ် အသင်း နိုင်ပွဲပျောက်နေရပြီးနောက် နည်းပြ ဒါနီရယ်ဖာကီလည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ ပိုမိုနီးစပ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီက တန်းတက်လာခဲ့တဲ့ နောဝစ်ချ်ဟာ ရာသီအဖွင့် ၁၀ ပွဲကနေ ၂ မှတ်ပဲ ရယူထားနိုင်ပြီး တစ်နှစ်ကျော်က ပရီးမီးယားလိဂ်မှာ ဖြတ်သန်းခဲ့တာကိုပါ ထည့်တွက်ရင် ဖာကီလက်ထက် ပရီးမီးယားလိဂ်ပွဲ ၂၀ ဆက်နိုင်ပွဲပျောက်နေပါတယ်။

တနင်္ဂနွေနေ့က အိမ်ကွင်းမှာ လိဒ်စ်ယူနိုက်တက်ကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ဖာကီက မိမိအနေနဲ့ နည်းပြနေရာအတွက် ထိုက်တန်နေဆဲလို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ ၂၀၂၅ အထိ နောဝစ်ချ်နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ ဖာကီကို အားကစားဒါရိုက်တာ ဝက်ဘာက အပြည့်အဝထောက်ခံကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်က လူသိရှင်ကြားဖွင့်ထားပေမယ့် အသင်းတွင်းမှာတော့ လက်ရှိရလဒ်ဆိုးတွေကနေ ဖာကီ ပြောင်းလဲနိုင်ပါ့မလားဆိုတဲ့ သံသယတွေ တစ်ဖြည်းဖြည်းများလာပါတယ်။

တကယ်လို့ နောဝစ်ချ်အနေနဲ့ ဖာကီကို ရာထူးကနေ ထုတ်ပယ်ဖြစ်ရင် ဘုန်းမောက် နည်းပြဟောင်း အက်ဒီဟိုဝီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေပါတယ်။ နောဝစ်ချ်ဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် စနေနေ့မှာ အတူတန်းတက်လာတဲ့ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာဖြစ်သလို နိုင်ငံတကာပွဲအပြီးမှာ ဆောက်သမ်တန်၊ ဝုဗ်၊ နယူးကာဆယ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#နောဝစ်ချ် #ဖာကီ