ရှေ့သို့
Image

ဗင်နီစီးရပ်စ်ဂျူနီယာကို မဖြစ်မနေ လစာတိုးပေးရဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

4:40 PM, 2 November

ဘရာဇီးတောင်ပံကစားသမားလေးဟာ အသက် ၁၆ နှစ်အရွယ်မှာပဲ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ရီးရဲလ်ပထမအသင်းရဲ့ တောင်ပံတစ်လျှောက် အထူးခြေစွမ်းပြ ကစားလျက်ရှိပါတယ်။

အခုဆိုရင် အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး နွေရာသီမှာ နည်းပြကာလိုအန်ဆယ်လော့တီ ရောက်လာကတည်းက တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းတဲ့ ခြေစွမ်းတွေကို ပြသလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စီနီယာကစားသမားဘ၀ တတိယမြောက်ရာသီဖြစ်တဲ့ ဒီရာသီမှာတော့ ဗင်နီစီးရပ်စ်ဟာ ပြိုင်ပွဲစုံ ၁၄ ပွဲကစားပြီး သွင်းဂိုး ၉ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး တစ်ပွဲကို ပျှမ်းမျှ သွင်းဂိုး ၁ ဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုတည်ငြိမ်တဲ့ ခြေစွမ်းမျိုးကို ဘရာဇီးသားလေးဆီက ရီးရဲလ်မက်ဒရစ်တို့ လိုချင်နေခဲ့တာ အတော်လေး ကြာခဲ့ပါပြီ အခုမှ ဒီခြေစွမ်းမျိုး ပြသနိုင်တာကြောင့် သူ့ရဲ့စာချုပ်ဟာလည်း အသစ်ပြန်လည် ချုပ်ဆိုရဖို့ ရှိလာပါတယ်။ လက်ရှိဗင်နီစီးရပ်စ်ရဲ့ စာချုပ်ဟာ အသက် ၁၆ နှစ်အရွယ်က ချုပ်ဆိုထားတဲ့ စာချုပ်အတိုင်းသာ ရှိနေတာကြောင့် အရန်ကစားသမားတွေဖြစ်တဲ့ ဂိုးသမားအန်ဒရေးလူနင်နဲ့ ခံစစ်ကစားသမား ဂျီးဆပ်ဗယ်လီဂျိုတို့ပြီးရင် ရီးရဲလ်ပထမအသင်းရဲ့ တတိယမြောက် လစာအနည်းဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

အလွန်နည်းတဲ့ လစာနဲ့စာချုပ်သက်တမ်းကလည်း ၂၀၂၄ အထိရှိနေပေမယ့် ဗင်နီစီးရပ်စ်ကတော့ သူ့အနေနဲ့ နောက်ထပ်လာမယ့် စာချုပ်သစ်အတွက် စိုးရိမ်စိတ်မရှိဘူးလို့ ဒီလအစောပိုင်းက ပြောခဲ့ဖူးပါတယ်။ လူငယ်ကစားသမားဘဝက ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ အချက်အလက်တွေအရလည်း ခြေစွမ်းအလိုက် အပိုဆုကြေးတွေအပြင် ပထမအသင်းနဲ့အတူ အောင်မြင်မှု ရယူနိုင်ခဲ့တာတွေရှိခဲ့ရင်တော့ ပိုကောင်းတဲ့ စာချုပ်ချုပ်ဆိုရမယ်ဆိုတဲ့ အချက်တွေ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ဘရာဇီးကြယ်ပွင့်လေးရဲ့ နောက်ထပ်ခြေစွမ်းကောင်းတွေကို မျှော်လင့်နေပြီး ပိုကောင်းတဲ့ ခြေစွမ်းတွေကို ပြသနိုင်မှသာ စာချုပ်သစ်ကို စဉ်းစားသွားဖွယ် ရှိနေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဗင်နီစီးရပ်စ်ဂျူနီယာ