ရှေ့သို့
Image

ဝှိုက်ဘုတ်ပေါ်က စာတွေကို ဖျက်ပစ်လိုက်ပါ...

3:32 PM, 2 November

လင်ဂတ်ပြောတဲ့ သူ့ဘဝ၊ သူ့ဇာတ်ကြောင်း (အပိုင်း-၁)
===============================
တကယ်တော့ ဒီဇာတ်လမ်းလေးက ကျွန်တော့်အကြောင်းမဟုတ်ဘူးဗျ။ ကျွန်တော့်အစ်ကို လူဝီအကြောင်းဆိုရင် ပိုမှန်လိမ့်မယ်။ သူသာမရှိဘူးဆိုရင် ကျွန်တော်လည်း ဒီနေ့ လင်ဂတ်ဖြစ်လာမှာမဟုတ်ဘူး။ တကယ်ပြောတာဗျ။ ဟုတ်တယ်။ သူရော နောက်ပြီးတော့ ဝှိုက်ဘုတ် ၂ခုရောပေါ့။ ပထမဆုံးအနေနဲ့ ဒီဇာတ်လမ်းလေးကို ဝမ်းနည်းစရာတွေနဲ့ စလိုက်ကြမယ်ဗျာ။

ရာသီစခါနီးမှာ ကျွန်တော်  အရမ်းကိုပျော်ခဲ့တာဗျ။ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ ပရိသတ်တွေ ပြန်ဝင်ကြည့်လို့ရပြီ။ ရာသီကြိုထရိန်နင်မှာ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အိုလီကလည်း ကျွန်တော့်ရဲ့အနေအထားနဲ့ ပတ်သက်လို့ သဘောကျခဲ့တာ။ ပရီးမီးယားလိဂ်စတင်ဖို့တောင် ကျွန်တော့်ဘက်က မစောင့်နိုင်အောင်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရာသီသစ်စတင်ဖို့ တစ်ပတ်အလိုမှာပဲ ကျွန်တော် ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။

တစ်ယောက်တည်း ၁၀ ရက်ကြာ သီးသန့်နေခဲ့ရပါတယ်။ တကယ့်ကို ဝမ်းနည်းစိတ်ပျက်စရာကောင်းခဲ့တဲ့ အချိန်တွေပေါ့ဗျာ။ ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီအတွင်း ကိုဗစ်ဖြစ်ခဲ့တာက ကျွန်တော့်အတွက် အဆိုးဆုံးမဟုတ်သေးဘူးဗျ။ ပြီးခဲ့တဲ့ဇွန်လမှာ ကျွန်တော့်အနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့အပြီးသတ် ၂၆ ဦးလူစာရင်းမှာ ပါဝင်ဖို့ လုံလောက်တဲ့ကြိုးစားမှု လုပ်နိုင်ခဲ့ပြီလို့ ထင်ခဲ့ပါတယ်။ ကျွန်တော့်ကို ချန်လှပ်ခဲ့တဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်ကို လုံးဝလေးစားပါတယ်။

ဒါပေမဲ့ ကျွန်တော့်အစ်ကို ကို အဲဒီအကြောင်း ဖုန်းဆက်အသိပေးတော့ မျက်ရည်တွေ အလိုလိုစီးကျလာခဲ့ပါတယ်။ အစ်ကိုလည်း အတူတူပါပဲ။ သူလည်း ငိုကြွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်က အဲဒီသတင်းက ကျွန်တော့်ကို လုံးဝအရုပ်ကြိုးပြတ်ဖြစ်စေခဲ့ပါတယ်။ ကျေးဇူးတင်ရမှာက အဲဒီအချိန်မှာ ကျွန်တော်ဟာ ပိုကောင်းတဲ့နေရာ ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂလန်အသင်း အုပ်စုအဖွင့်ပွဲကစားတော့ ကျွန်တော့်အနေနဲ့ ကစားခွင့်မရပေမယ့် ပရိသတ်တစ်ဦးအနေနဲ့ အင်္ဂလန်အသင်းကို အပြည့်အ၀ အားပေးခဲ့ပါတယ်။

ကျွန်တော်ဟာ ဘီယာဆိုင်တစ်ဆိုင်သွားပြီး လူဝီရယ်၊ သူငယ်ချင်းတွေလည်း ပါတာပေါ့။ အဲဒီမှာ ဒက်ကလန်ရိုက်စ်ရဲ့ ကျောနံပါတ် ၄ အင်္ဂလန်အသင်းဂျာစီကို ဝတ်ဆင်ပြီး အားပေးခဲ့ပါတယ်။ အင်္ဂလန်ပွဲကို ဘီယာဆိုင်ကနေ အားပေးရတာာ ဂွတ်တယ်ဗျ။ အော်ဟစ်အားပေးတာတွေလည်း အင်ပြည့်အားပြည့်ပဲ။ ဘာတွေဖြစ်သွားလဲဆိုတာ အတိအကျမသိပေမယ့် သိပ်မကြာခင် DJ နား ကျွန်တော် ရောက်သွားရော။ တကယ့်ကိုရူးလောက်တဲ့နေ့လယ်ခင်းပါပဲ။

ကစားသမားတွေကို တစ်ခုလောက်တော့ ပြောချင်တယ်ဗျာ။ ကစားသမားဘဝကနေ အနားမယူခင်မှာ တစ်ခါလောက်တော့ ဘီယာဆိုင်မှာ ပရိသတ်တွေနဲ့အတူတူ ဘောလုံးပွဲတစ်ပွဲလောက် သွားကြည့်ဖို့ပေါ့။ အဲဒီလိုသွားကြည့်ရင် တစ်ခါမှမခံစားဖူးတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ အင်္ဂလန်အသင်း ကစားတာကို ကြည့်တဲ့အခါတိုင်း ကျွန်တော် ပျော်ရွှင်ရသလို လက်ရွေးစင်အသင်းအတွက် ကစားရတဲ့ ပွဲတိုင်းကလည်း သိပ်ကိုကြည်နူးစရာကောင်းပါတယ်။ ဂျာစီဝတ်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသလိုခံစားရပါတယ်။

စက်တင်ဘာလအတွင်း နိုင်ငံတကာရက်သတ္တပတ်မှာ အင်္ဂလန်အသင်းအတွက် ကျွန်တော် ပြန်အရွေးချယ်ခံရတဲ့အကြောင်း မိသားစုဆီ ဖုန်းဆက်အကြောင်းကြားတော့ အရမ်းကိုပျော်လိုက်တာဗျာ။ အန်ဒိုနာ၊ ဟန်ဂေရီတို့နဲ့ပွဲတွေအတွက် အင်္ဂလန်အသင်းမှာ ပြန်အရွေးခံခဲ့ရတာပါ။ ဘယ်လိုခံစားရလဲဆိုတာတောင် ပြန်မပြောတတ်တော့ဘူး။ အထူးသဖြင့် ယူရို ၂၀၂၀ ပြိုင်ပွဲကြောင့် အရာအားလုံးပြောင်းလဲသွားချိန်မှာ အင်္ဂလန်အသင်းသားပြန်ဖြစ်ခွင့်ရတာက ပိုကောင်းပါတယ်။

ကျွန်တော့်အနေနဲ့ အပြီးသတ် ၂၆ ဦးစာရင်းမှာ ပါဝင်ချင်ခဲ့တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလောက်အထိ ပြန်ကြိုးစားနိုင်ခဲ့တာတွေအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဟာ ၂၀၂၀ နိုဝင်ဘာလအထိ အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ ဘာအရိပ်အယောင်မှမရှိခဲ့တဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့ တွေးတောင် တွေးခွင့်မရခဲ့ပါဘူး။ အဲဒီလိုအနေအထားကနေ မတ်လမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရတာက ကျွန်တော့်အတွက် ကြီးမားတဲ့အလှည့်အပြောင်းပါပဲ။ အရိုးသားဆုံးပြောရရင် ဘောနပ်စ်လို့တောင် ပြောနိုင်ပါတယ်။

ကျွန်တော် ဘယ်လိုအနေအထားကနေ ရောက်လာရလဲဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ကျွန်တော် ဘယ်လောက်အထိ နစ်မြုပ်ခဲ့လဲဆိုတာ ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာက ကျွန်တော့်ရဲ့ အကောင်းဆုံး အတွေ့အကြုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၂၀၁၈-၁၉ ရာသီ စတင်တော့ ကျွန်တော် ပေါင်ခြံဒဏ်ရာရခဲ့ပါတယ်။ တကယ့်ကို ဆိုးရွားလွန်းတဲ့ဒဏ်ရာပါပဲ။ ကျွန်တော်ဟာ ပွဲတိုင်းမှာ ပြေးပြေးလွှားလွှားကစားလေ့ရှိပါတယ်။ တစ်ပွဲကို ၁၂၊ ၁၃ ကီလိုမီတာလောက်အထိ ပြေးလွှားဆော့ကစားတာပါ။

ဒါပေမဲ့ အဲဒီတုန်းကတော့ အခြေအနေကွာခြားသွားပါတယ်။ ကျွန်တော် ကောင်းကောင်းမပြေးနိုင်ခဲ့ဘူး။ ပွဲအနည်းငယ်လောက်ကစားပြီးချိန်မှာတော့ ကျွန်တော် ရပ်တန့်လိုက်ရုံပဲ လုပ်နိုင်ခဲ့ပါတော့တယ်။ ကစားလည်းမကစားနိုင်၊ ပြေးလည်းမပြေးနိုင်ခဲ့ပါဘူး။ ကျွန်တော့်ကိုယ်ခန္ဓာက ဒီလောက်လုပ်ခဲ့တာက လုံလောက်ပြီလို့ အချက်ပေးလိုက်တာပါပဲ။ အရာအားလုံးက အရှန်တစ်ဖြည်းဖြည်းသေသွားပြီး လုံးဝရပ်တန့်သွားတာပါပဲ။ ကိုယ်က အမြင့်ပိုင်းရောက်နေကာမှ ဒီလိုဖြစ်သွားတာပါ။

#လင်ဂတ် #အယ်ဒီတာအကြိုက်