ရှေ့သို့
Image

လူကာကူလိုပဲ ကွန်တီရဲ့ လက်အောက်မှာ ဟယ်ရီကိန်း ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ ဘာဘာတော့ဗ် ဟောကိန်းထုတ်

10:23 AM, 2 November

တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းကို နည်းပြ ကွန်တီရောက်လာရင် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် အကောင်းဆုံးအရာတွေ ပြန်ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ နွေရာသီက စီးတီးကို ပြောင်းရွှေ့ဖို့ကိစ္စ အထမမြောက်ဖြစ်ခဲ့ရပြီးနောက် ယခုရာသီမှာ ရုန်းကန်နေရပြီး တနင်္လာနေ့က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း နူနိုဆန်တိုလက်ထက်မှာ တွန်းအားကင်းမဲ့ခဲ့ပါတယ်။ ဘူလ်ဂေးရီးယားဂန္ထဝင်ကစားသမား ဘာဘာတော့ဗ်က အသက် ၂၈ နှစ်အရွယ်ရှိ ဟယ်ရီကိန်းအနေနဲ့ ကွန်တီရဲ့လက်အောက်မှာ ဂိုးတွေသွင်းဖို့ ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

အီတလီနိုင်ငံသား ကွန်တီဟာ အရင်တုန်းကလည်း အခုလိုလုပ်နိုင်ခဲ့ဖူးပြီး အထူးသဖြင့်  အင်တာမီလန်မှာ တိုက်စစ်မှူး လူကာကူကို ကမ္ဘာကျော်ကစားသမားအဖြစ် ပြန်လည်ရပ်တည်စေနိုင်ဖို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

လူကာကူဟာ ၂၀၁၉ နွေရာသီက အင်တာကို မရောက်ခင် ယူနိုက်တက်မှာ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကွန်တီရဲ့လက်အောက်မှာ အင်တာရဲ့အကြီးမားဆုံးကြယ်ပွင့်ဖြစ်လာခဲ့ပြီး ယမန်နှစ်ရာသီက ၁၀ နှစ်အတွင်း အင်တာအသင်း ပထမဆုံးအကြိမ် စီးရီးအေချန်ပီယံဖြစ်ခဲ့ရာမှာ ၂၁ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ကြိမ်နဲ့ အဓိကခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒီအတွက်ကြောင့်ပဲ သူဟာ နွေရာသီက အသင်းဟောင်းချဲလ်ဆီးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်ရောက်လာပြီး ဘာဘာတော့ဗ်က ယခုလည်း ကွန်တီအနေနဲ့ ဟယ်ရီကိန်းကို ပြန်လည်အရောင်တင်ပေးနိုင်လိမ့်မယ်လို့ ဆိုနေတာပါ။

''ကွန်တီဟာ အင်တာမှာတုန်းက လူကာကူကို ပိုကောင်းတဲ့ကစားသမားအဖြစ် အရောင်တင်ပေးနိုင်ခဲ့ပါတယ်။ လူကာကူဟာ ယူနိုက်တက်မှာတုန်းက ယုံကြည်မှုတွေ ကျဆင်းခဲ့ပေမယ့် အင်တာမှာတော့ ပြန်လည်မွေးဖွားလာပြီး ဂိုးသွင်းစက်ပြန်ဖြစ်လာပါတယ်။ ဒီတော့ ဟယ်ရီကိန်းကိုလည်း ကွန်တီ အဲဒီလိုလုပ်ပေးနိုင်ပါတယ်''လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

#တော့တင်ဟမ် #ကွန်တီ #လူကာကူ #ဟယ်ရီကိန်း #ဘာဘာတော့ဗ်