အပြောင်းအရွှေ့ အသုံးစရိတ်ပေါင်သန်း ၁၅၀ ရရှိသွားမယ့် ကွန်တီ
9:15 AM, 2 November
တော့တင်ဟမ် အသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် နည်းပြအန်တိုနီယိုကွန်တီအတွက် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၁၅၀ ရရှိသွားမယ်လို့ သိရပါတယ်။ နည်းပြနူနိုဆန်းတို့စ်ကို ထုတ်ပယ်ခဲ့ပြီးနောက်မှာ နည်းပြသစ်အဖြစ် ကွန်တီကို ခန့်အပ်ဖို့က သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ တနင်္လာနေ့ မနက်ကပဲ တော့တင်ဟမ်က နည်းပြနူနိုကို ထုတ်ပယ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာခဲ့ပြီးနောက် မနက် ၁၀ နာရီ(ဗြိတိန်စံတော်ချိန်) မှာ ပေါ်တူဂီနည်းပြကြီးရဲ့ ထွက်ခွာမှုကို အသင်းကပါ အတည်ပြုသွားခဲ့ပါတယ်။
တော့တင်ဟမ်အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီချီက နူနိုရဲ့နေရာမှာ အစားထိုးဖို့ကို အမြန်ဆုံး ဆောင်ရွက်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြဟောင်းကွန်တီနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ကွန်တီဟာ ပါရာတီချီနဲ့ အရင်ကတည်းက ဆက်ဆံရေးရှိခဲ့ပြီး လစာပေါင် ၁၃ သန်းနဲ့ ၁၈ လစာချုပ် ကမ်းလှမ်းခဲ့ပါတယ်။ အဆိုပါကာလအတွင်း စာချုပ်သက်တမ်း တိုးသွားမှာဖြစ်ပြီး လစာအားဖြင့် ပေါင်သန်း ၂၀ လောက်ထိ တက်လာမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကွန်တီအနေနဲ့ လာမယ့်အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ပါဝင်လှုပ်ရှားသွားဖို့ ရှိနေပါတယ်။ တော့တင်ဟမ်ဟာ ဒီနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့မျိုးတွေ မပြုလုပ်ခဲ့ပေမယ့် ဟယ်ရီကိန်းကိုတော့ ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ အသင်းရဲ့ခြေစွမ်းပိုင်းကတော့ ထင်ထားသလို ဖြစ်မလာခဲ့ပဲ ရာသီအစ ၁၀ ပွဲမှာ ၅ ပွဲရှုံးနိမ့်ကာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။