ရှေ့သို့
Image

တော့တင်ဟမ်နဲ့ ပွဲမှာ ဘိန်းပန်းတံဆိပ် မတပ်ရတဲ့အကြောင်းကို ရှင်းပြခဲ့တဲ့ မာတစ်

3:43 PM, 1 November

မန်ချက်စတာယူနိုက်တက်ကွင်းလယ် နီမန်ဂျာမာတစ်က စနေနေ့ကတော့တင်ဟမ်နဲ့ပွဲမှာ ဘိန်းပန်းတံဆိပ် မတပ်ဆင်ခဲ့ရတဲ့အကြောင်းအရင်းကို ရှင်းပြသွားခဲ့ပါတယ်။ ဆားဘီးယားဝါရင့် ကစားသမားကြီးဟာ မြောက်လန်ဒန်ကလပ်ကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရနေတဲ့ ဒုတိယပိုင်းပွဲချိန်မှာ လူစားဝင်ကစားခဲ့ပါတယ်။ ၁၄ မိနစ်သာ ကစားချိန်ရရှိခဲ့ပေမယ့် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးကွင်းကြီးထဲမှာရှိနေတဲ့ တခြားကစားသမားတွေနဲ့ မတူတာတစ်ခုကတော့ မာတစ်ရဲ့အကျီၤမှာ ဘိန်းပန်းတံဆိပ်လေးကို တပ်ဆင်ထားခြင်းမရှိတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကြယ်ပွင့် အတော်များများ အထင်ကရနေ့တွေ၊ ဂန္တဝင်တွေ ကွယ်လွန်တဲ့နေ့တွေမှာ အခုလို ဘိန်းပန်းတံဆိပ်လေးတွေကို ဂျာစီမှာတပ်လာတာ ရာသီအတော်အတန်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

မာတစ်ကလည်း ပရီးမီးယားလိဂ်ကို ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၀၉ ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး အစက ဘိန်းပန်းတံဆိပ်ကို ဝတ်ဆင်ခဲ့ပေမယ့် ခုလိုမတပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားက ဆားဘီးယားမှာ နေစဉ်က သူ့အသက် ၁၂ နှစ်အရွယ်မှာ သူတို့ရွာကို ဗုံးကြဲခံခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်လည်မြင်ယောင်မိတာကြောင့် ခုလိုဆုံးဖြတ်ရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

မာတစ်က “ဘိန်းပန်းလေးတွေကို အားလုံးဝတ်ကြမှန်း ကျွန်တော်သိပါတယ်။ ဝတ်တဲ့သူအားလုံးကိုလည်း လေးစားတယ်။ ဆုံးရှုံးသွားတဲ့လူ တစ်ဦးချင်းစီအတွက်လည်း စာနာပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ဘိန်းပန်းတွေကို မြင်ရတာ ငယ်ဘဝကို ပြန်မြင်ယောင်နေမိတယ်။ ကျွန်တော့်အသက် ၁၂ နှစ်တုန်းက ဗရီလိုက ရွာလေးတစ်ရွာမှာ နေခဲ့ရတာပါ ကျွန်တော်တို့နေတဲ့ ရွာလေးက ၁၉၉၉ ခုနှစ်မှာ ဗုံးကြဲခံခဲ့ရလို့ တစ်ရွာလုံးပြာကျခဲ့ပါတယ်။ အဲ့ဒီပုံရိပ်တွေက ခုထိ မေ့လို့မရသေးပါဘူး၊ ဒီဘိန်းပန်းတွေကို မြင်ရင်အရမ်းစိတ်ထိခိုက်ပါတယ်။ အဲ့ဒါကြောင့်မတပ်တာပါ။ ဘိန်းပန်းတံဆိပ်က ဗြိတိန်ရဲ့ဂုဏ်ထူးဆောင် အမှတ်အသားတစ်ခုမှန်း သိပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုတွေကိုတော့ ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ရှင်းပြတာကို နားလည်မယ်လို့လည်း ထင်မိပါတယ်၊ ကျွန်တော့်အသင်းကိုပဲ ကူညီပေးဖို့ကို အာရုံစိုက်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဘိန်းပန်းတံဆိပ်ကို အတင်းအကျပ် မတပ်ဆင်ခိုင်းထားသလို၊ ဗြိတိန်တော်ဝင်စစ်တပ်ကလည်း ဒါက လူတစ်ဦးချင်းရဲ့ ရွေးချယ်မှုနဲ့သာဆိုင်ပါတယ်လို့ ပြောထားပါတယ်။
#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #နီမန်ဂျာ မာတစ်