ရှေ့သို့
Image

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ကွန်ဆာကို ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒင်းစမစ်ပေါက်ကွဲနေ

9:33 AM, 1 November

အက်စတွန်ဗီလာနည်းပြ ဒင်း စမစ်က ၄ပွဲဆက်ရှုံးပြီး နည်းပြရာထူအတွက် ဖိအားတွေ တိုးလာခဲ့ပြီးနောက် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်က ကွင်းလယ်ဒိုင် ခရစ္စ ကာဗာနာရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပေါက်ကွဲခဲ့ပါတယ်။ ဗီလာအသင်းမှာ ယမန်နေ့ညက နောက်ခံလူ ကွန်ဆာ ထုတ်ပယ်ခံခဲ့ရပြီး ဝက်စ်ဟမ်းကို ၄-၁ဂိုနဲ့ ဂိုးပြတ် ရှုံးခဲ့ပါတယ်။

ဗီလာဟာ တန်းတက်လာပြီးနောက် ပေါင် သန်း၃၀၀ အသုံးပြုထားပေမဲ့ လက်ရှိမှာ တန်းဆင်းဇုန်နဲ့ ၃မှတ်အကွာမှာသာ ရှိနေခဲ့ပါတယ်။ သောကြာနေ့ညမှာ ကစားရမယ့် ၁မှတ်အကွာက ဆောက်သမ်တန်နဲ့ပွဲစဉ်က ဒင်းစမစ်ရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်ဖို့ များနေပါတယ်။ စမစ်က ကွန်ဆာကို VARကြည့်ပြီး အဝါကနေ အနီကတ်ပြခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ပေါက်ကွဲလျက် ရှိနေတာ ဖြစ်ပါတယ်။

စမစ်က “ကွန်ဆာရဲ့ ပြစ်ဒဏ်က အနီကတ်လို့ကို မထင်တာကြောင့် VARက ဘယ်လို လုပ်တယ်ဆိုတဲ့ နည်းလမ်းကိုလည်း ကျွန်တော် မသိပါဘူး။ ကွင်းလယ်ဒိုင်က ဘိုဝမ် ဂိုးရှေ့ကို လွတ်သွားတဲ့အချိန် သူ ဆွဲလိုက်လို့ အနီကတ်ပြရတယ်လို့ ပြောပေမဲ့ တကယ်တမ်း အဲ့လို မဟုတ်တာ အရှင်းကြီးပါ။ ကျွန်တော့်အတွကတော့ အဲ့ဒါက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော့်ကို စိတ်ပူစေတာကတော့ ဒီစွမ်းဆောင်ရည်တွေကို ပြောင်းပြန်လှန်ပစ်ပြီး ရလဒ်ကောင်းရဖို့ပါပဲ။ ကျွန်တော်တို့ လက်ရှိရထားတဲ့ လူစာရင်းနဲ့ အဲ့လို လုပ်နိုင်မယ်ဆိုတာ သေချာပါတယ်။ ၄ပွဲဆက်ရှုံးလို့ ပရိသတ်တွေ ပေါက်ကွဲနေနိုင်ပေမဲ့ ကျွန်တော်တို့မှာ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တဲ့ လူစာရင်း ရှိပါတယ်”

“ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် ခုလိုရလဒ်တွေ ရနေတာပါ။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက လေ့ကျင့်ရေးကွင်းမှာ ဖြစ်နေတာတွေနဲ့ ကွာခြားပါတယ်။ ကစားသမားတွေက သူတို့လုပ်နေတာ သူတို့ ယုံကြည်ပြီး ပိုကောင်းအောင် လုပ်ဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ စတင်ပုံနဲ့ ပတ်သက်လို့ မကျေနပ်နိုင်ပဲ ခုလို ရလဒ်တွေရတော့ စိတ်ပျက်ရပါတယ်။ မကောင်းတာက ရလဒ်တွေနဲ့ ဂိုးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ကစားပုံက ကျွန်တော့်ကို ကျေနပ်စေပြီး အာဆင်နယ်ကို ၃-၁နဲ့ ရှုံးပြီးနောက် ကောင်းမွန်တဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့ ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#ဝက်စ်ဟမ်း #အက်စတွန်ဗီလာ #ကွန်ဆာ #ဒင်းစမစ်