ရှေ့သို့
Image

လူမျိုးရေးခွဲခြားမှုတွေကို ဖြေရှင်းဖို့ အင်စတာဂရမ်ကို တောင်းဆိုလိုက်တဲ့ ဇာဟာ

4:45 PM, 31 October

ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဝီးဖရက်ဒ်ဇာဟာကတော့ အွန်လိုင်းပေါ်က လူမျိုးရေးခွဲခြားမှုတွေကို အဓိကထားဖြေရှင်းဖို့ အင်စတာဂရမ်ကို တောင်းဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့က မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂၈ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ အင်စတာဂရမ်ကနေ သူ့အပေါ် ပြုလုပ်ခဲ့တဲ့ လူမျိုးခွဲခြားမှု မှတ်ချက်နဲ့ မက်ဆေ့ဂျ် screenshot တွေကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ 

အီတီဟတ်မှာကစားခဲ့တဲ့ အဆိုပါပွဲစဉ်ရဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့တဲ့ ဇာဟာကြောင့်ပဲ စီးတီးနောက်ခံလူ လာပေါ်တီ တိုက်ရိုက်အနီကတ်နဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ ပွဲပြီးဆုံးချိန်မှာတော့ အွန်လိုင်းပေါ်က ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပုံကို အင်စတာဂရမ်ကနေ သူ့ဆီပို့ထားတဲ့ မက်ဆေ့ဂျ်တွေကို ဖော်ထုတ်ပြသပြီး ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေအနေနဲ့ ဒီအခြေအနေတွေကို ထိန်းချုပ်သင့်ကြောင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

ဇာဟာက “ ဒီမက်ဆေ့ဂျ်တွေက “ We Stand With You ” ဆိုပြီး ပြောခဲ့တဲ့လူတွေဆီက မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်အတွက်တော့ တကယ်ရွံစရာကောင်းတဲ့ လူတွေပါပဲ။ ဒီလိုလူတွေအတွက် ကျွန်တော်တည်ရှိနေတာ မဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့သင်ပါပြီ။ ကျွန်တော့်ကို ဒီလိုခွဲခြားဆက်ဆံခံရလဲ ကိစ္စမရှိပါဘူး။ အခုခေတ်က ကိုယ့်အလုပ်ကိုယ်လုပ်နေလည်း ဒါတွေက ကြုံနေရဦးမှာပဲ။ 

ကျွန်တော့်အသားအရောင်က ခင်ဗျားတို့အတွက် ပြဿနာရှိလည်း ကျွန်တော် ဂရုမစိုက်ဘူး၊ လူမည်းတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူတယ်။ ပြောစမ်းပါဦး ခင်ဗျားတို့ ဒီကိစ္စကို တကယ်ရော ဖြေရှင်းဖို့ ကြိုးစားနေကြရဲ့လား ” ဆိုပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ 

Facebook ကုမ္ပဏီက ပိုင်ဆိုင်ထားတဲ့ အင်စတာဂရမ်ကတော့ ဒီကိစ္စကို တုန့်ပြန်လာခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့လတွေတုန်းကလည်း ကစားသမား အတော်များများ အွန်လိုင်းကနေ လူမျိုးရေးခွဲခြားမှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်က အများစုဖြစ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒါတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ လိုအပ်လာပါတယ်။ 

အင်စတာဂရမ်က စည်းမျဉ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကြေညာထားသလို တွစ်တာကလည်း ဗြိတိန်ဘောလုံးလောကရဲ့ လူမျိုးရေးခွဲခြားမှု ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။ ဇာဟာ ဟာ အင်္ဂလန်ဘောလုံးလောကရဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး သင်္ကေတတစ်ခုဖြစ်တဲ့ ဒူးထောက်မှုကို ဒီနှစ်အစောပိုင်းကတည်းက ရပ်တန့်ခဲ့သူဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ဒါကသိက္ခာကျစေနိုင်တဲ့ အမူအရာလို့ ယူဆလို့ဖြစ်ပါတယ်။ 

#ဇာဟာ