ရှေ့သို့
Image

ယူနိုက်တက်မှာ အသင်းဖော် ဗန်ဒီဘိခ်လို ဖြစ်သွားနိုင်တယ်လို့ ဆန်ချိုကို နဗီးလ် သတိပေး

4:46 PM, 31 October

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က တောင်ပံကစားသမား ဂျာဒန်ဆန်ချိုအနေနဲ့ အသင်းဖော် ဗန်ဒီဘိခ်လိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ နွေရာသီက ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ရောက်လာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ဆန်ချိုဟာ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ယခုနောက်ပိုင်း ပွဲထွက်စာရင်းကနေ ချန်လှပ်ခံလာရပါတယ်။

ဆန်ချိုဟာ လီဗာပူး၊ တော့တင်ဟမ်တို့နဲ့ပွဲတွေမှာ အရန်အဖြစ်တောင် ကစားခွင့်မရခဲ့ရာ နဗီးလ်က ယူနိုက်တက်မှာ အခုချိန်အထိ ရုန်းကန်နေရဆဲဖြစ်တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်လို ဆန်ချို ဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။ "ကျွန်တော်ကတော့ ဆန်ချိုအကြောင်း စဉ်းစားရင်း ဗန်ဒီဘိခ်အကြောင်း ခေါင်းထဲဝင်လာပါတယ်။ ဆန်ချိုအနေနဲ့ သေချာဂရုမစိုက်ဘူးဆိုရင် ဗန်ဒီဘိခ်လိုဖြစ်သွားနိုင်ပါတယ်''လို့ နဗီးလ်က ပြောပါတယ်။

နယ်သာလန်လက်ရွေးစင် ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ ပေါင်သန်း ၄၀နဲ့ ရောက်လာပြီးနောက် ယူနိုက်တက်အတွက် စုစုပေါင်း ၃၉ပွဲပဲ ကစားခွင့်ရထားပြီး ဇန်နဝါရီလမှာ အသင်းပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ် #ဆန်ချို #နဗီးလ်