ရှေ့သို့
Image

စီးတီးကို အနိုင်ရခဲ့ရာမှာ ခြေစွမ်းပြခဲ့တဲ့ ဇာဟာ လူမျိုးရေးခွဲခြားခံခဲ့ရ

4:36 PM, 31 October

ပဲလေ့စ်တိုက်စစ်မှူး ဇာဟာက မန်စီးတီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ လူမျိုးရေးခွဲခြား ခံခဲ့ရပြီးနောက် လူမျိုးရေးခွဲခြားမှုကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် ဇာဟာက စနေညမှာ အင်စတာဂရမ်ကနေ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ မက်ဆေ့ချ်တွေကို လူသိရှင်ကြားချပြလာပြီး ကိုယ်ချင်းစာနားလည်ကြောင်း စာရေးသားထုတ်ပြန်တာထက် အရေးယူတာမျိုး ပိုဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

ဇာဟာက စီးတီးကို ဝ-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပဲလေ့စ်အတွက် အဆင့်မြင့်တန်းဂိုး ၅၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး စီးတီးနောက်ခံလူ လာပေါ်တီလည်း ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ ဇာဟာကို အနောက်ကနေ ဆွဲထားလို့ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရပါတယ်။

''ဒီပြဿနာကို မဖြစ်မနေဖြေရှင်းဖို့ လိုအပ်နေပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုဆဲရေးတိုင်းထွာ လူမျိုးရေးခွဲခြားခံရမှုတွေအတွက် စိတ်ထဲမှာမထားပါဘူး။ ကျွန်တော်က အမြဲတမ်းလူမည်းဖြစ်နေမှာဖြစ်သလို အဲဒီအတွက်လည်း အမြဲတမ်းဂုဏ်ယူနေမှာပါ''လို့ ဇာဟာက ပြောပါတယ်။

#ဇာဟာ #မန်စီးတီး #ခရစ္စတယ်ပဲလေ့စ်