ရှေ့သို့
Image

ဂျူဗင်တပ်စ်ရဲ့ လက်ရှိ ခြေစွမ်းအရ ဇယားအလယ်ပိုင်းနဲ့သာ ထိုက်တန်တယ်လို အယ်လီဂရီဆို

9:57 AM, 31 October

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ယမန်နေ့ည ဗီရိုနာကို ၂-၁ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် လက်ရှိ ခြေစွမ်းအရ ယခုရောက်နေတဲ့ အဆင့်နဲ့ ထိုက်တန်ကြောင်း ဆိုခဲ့ပါတယ်။ ဗီရိုနာက ဆီမြွန်နီရဲ့ ၂ဂိုးကြောင့် အနိုင်ရခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ ၁၁ပွဲမှာ ၄ပွဲရှုံးသွားခဲ့ပါတယ်။

အဆိုပါရလဒ်ကြောင့် ဂျူဗင်တပ်စ်ဟာ အဆင့်၉နေရာမှာ ရှိနေခဲ့ပြီး အယ်လီဂရီက လက်ရှိခြေစွမ်းနဲ့ အဆင့်နဲ့ ကိုက်ညီမှုရှိတယ်လို့ ဆိုခဲ့ပါတယ်။ အယ်လီဂရီက “ပြောတာတွေက အဓိပ္ပါယ် မရှိတော့ပါဘူး။ ကျွန်တော်တို့ ဆိုးရွားတဲ့ အခြေခအနေကို ရောက်နေပြီး အခု အလယ်လတ်တန်းစားအသင်းဆိုတာကို လက်ခံရပါမယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ အရည်အသွေးတွေနဲ့ ဒီအခြေအနေကနေ ရုန်းထွက်ရပါမယ်”

“ကျွန်တော်တို့ ဒီအခြေအနေကနေ ရုန်းထွက်ရပါမယ်။ ဒီအချိန်မှာ ဝမ်းနည်းနေလို့ ဘာမှမထူးပါဘူး။ ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပြီး အဲ့ဒါမှ အခြေအနေတွေကို ပြန်လည် တည်ဆောက်နိုင်မှာပါ”

“ဗီရိုနာက ကြံ့ခိုင်မှုကောင်းမွန်ပြီး ဘောလုံးတိုင်းအတွက် လိုက်လုတယ်ဆိုတာ သိထားတာကြောင့် သူတို့နဲ့ ယှဉ်မလုနိုင်ရင် ရှုံးမှာပါပဲ။ ဂျူဗင်တပ်စ်ဂျာစီ ဝတ်ထားရင် အလယ်လတ်တန်းအသင်းတွေကို တန်းနိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ကျွန်တော်တို့ ရမှတ်တိုင်းရယူရမှာ ဖြစ်ပြီး မှန်ကန်တဲ့ အားထုတ်မှုလည်း ရှိရပါမယ်”

“ဗီရိုနာက ဂျူဗင်တပ်စ်ကို ဘယ်လိုနိုင်အောင် ကစားရမယ်ဆိုတာ သိထားကြပါတယ်။ ကျွန်တော်တို့ရဲ့ အမှားက ဗီရိုနာထက် ပိုကောင်းတယ်လို့ မြင်နေတာဖြစ်ပြီး အခုကတော့ ကျွန်တော်တို့ အဲ့လို မဟုတ်ပဲ ဖြစ်နေပြီး လက်တွေ့ဆန်သင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ယမန်နေ့ည ပွဲစဉ်အပြီး ဇယားထိပ်က နာပိုလီနဲ ၁၃မှတ်ထိ ကွာသွားကာ ယနေ့ည နာပိုလီ ထပ်နိုင်သွားရင် ပိုကွာသွားဖို့ ရှိနေပါတယ်။ အလားတူ ပွဲမကန်ရသေးတဲ့ အဆင့်၄နေရာက ရိုးမားနဲ့လည်း ၄မှတ်ထိ ကွာနေတာကြောင့် ရှေ့ပွဲတွေမှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။

#ဂျူဗင်တပ်စ် #ဗီရိုနာ #ဆီမြွန်နီ #အယ်လီဂရီ