ယူနိုက်တက်နဲ့ပွဲအပြီး တော့တင်ဟမ်က လမ်းကြောင်းမှန်ပေါ်မှာ ရှိမနေဘူးလို့ ဝန်ခံလိုက်တဲ့ နူနို ဆန်တို
9:22 AM, 31 October
နူနို ဆန်တိုက ယမန်နေ့ည ယူနိုက်တက်ကို ၃ဂိုးပြတ် ရှုံးခဲ့ပြီးနောက် တော့တင်ဟမ် လမ်းကြောင်းမှန်ပေါ်မှာ ရှိမနေဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ၁ပွဲလုံး ဂိုးပေါက်တည့်မှု ၁ကြိမ်မှ မရှိခဲ့ပဲ ယူနိုက်တက်က ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ် ကာဗာနီတို့ရဲ့ ဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီသားက အဆိုပါပွဲစဉ်မှာ တော့တင်ဟမ်က ခြေစွမ်းကောင်းမွန်ခဲ့ခြင်း မရှိတာကို ဝန်ခံသွားခဲ့ပါတယ်။ ဆန်တိုက “ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ယူနိုက်တက်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့ တန်ပြန်တိုက်စစ်တွေ စနိုင်ဖို့ ကျွန်တော်တို့ ခွင့်ပြုခဲ့ပါတယ်။ သူတို့ ခံစစ်၃ယောက်နဲ့ စုဖွဲ့မှု ကောင်းတာကြောင့် ခက်ခဲခဲ့ပါတယ်”
“ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ခဲ့ပဲ စုဖွဲ့မှုတွေလည်း ပြုလုပ်နိုင်ခြင်း မရှိခဲ့တာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ပေမဲ့ အဆုံးသတ်ပိုင်း ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။ ဒီနေ့က ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပါ။ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ အဖြေရှာရမှာ ဖြစ်ပြီး အခြားနည်းလမ်းလည်း မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်မှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ဘာမှ မလုပ်နိုင်ခဲ့ပဲ ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရကာ နူနိုက အင်္ဂလန်သားရဲ့ ခြေစွမ်းအကြောင်း ပြောသွားခဲ့ပါတယ်။ နူနိုက “ဒါက ဟယ်ရီတစ်ယောက်တည်း မဟုတ်ပဲ ကစားသမားတွေအားလုံး ညံ့ခဲ့တာဖြစ်ပြီး သူတို့ကို ကျွန်တော်တို့က အားပေးပြီး အဖြေရှာဖို့ ကူညီရပါမယ်။ ကျွန်တော်တို့ လိုအပ်နေတာတွေကို တိုးတက်ဖို့ ကြိုးစာနေပါတယ်။ ကံမကောင်းစွာပဲ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လမ်းကြောင်း မှန်ပေါ်မရှိခဲ့ပဲ ဒါကလည်း ကျွန်တော်တို့ ဆက်ကြိုးစားလို့ရအောင် အားပေးဖို့ ပရိသတ်တွေအပေါ် မူတည်ပါတယ်”လို့ ဆိုခဲ့ပါတယ်။