ရှေ့သို့
Image

အသက်ရှူရ ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် လူစားလဲကာ ဆေးရုံကို တန်းခေါ်သွားခြင်းခံခဲ့ရတဲ့ အဂူရို

8:33 AM, 31 October

ဆာဂျီယို အဂူရိုဟာ ဘာစီလိုနာအတွက် အိမ်ကွင်း ပထမဆုံး ပွဲဦးထွက်ပွဲစဉ် ကစားပေးနေစဉ်မှာပဲ အသက်ရှူရ ခက်ခဲလာတာကြောင့် လူစားလဲခဲ့ရပြီး ဆေးစစ်မှုခံယူဖို့ ဆေးရုံကို တန်းခေါ်သွားခြင်းခံခဲ့ရပါတယ်။ မန်စီးတီးကနေ အလွတ်နဲ့ ပြောင်းလာတဲ့ အဂူရိုဟာ ပထမပိုင်းမှာ မူးဝေမှုတွေ ဖြစ်ပေါ်လာတာကြောင့် ဆေးအဖွဲ့ရဲ့ ကုသမှု လိုအပ်ခဲ့ပါတယ်။

ပွဲချန် မိနစ်၄၀မှာ အဂူရိုတစ်ယောက် ရင်ဘတ်ကို လက်နဲ့ဖိကာ ကွင်းထဲလှဲနေခဲ့ရပြီး အဆိုပါ အခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဘာစီလိုနာဆေးအဖွဲ့က အဂူရိုကို ထမ်းစင်နဲ့ ထုတ်ဖို့ စဉ်းစားခဲ့ပေမဲ့ အာဂျင်တိုင်းသားက ကိုယ်တိုင်ပဲ ဖြေးဖြေးချင်း ကွင်းထဲက ထွက်သွားခဲ့ပါတယ်။

၃၃နှစ်သားကို ကော်တင်ဟိုနဲ့ လူစားလဲခဲ့ပြီး ယခုအချိန်မှာတော့ ဘာကြောင့် ခုလို အသက်ရှူရခက်ခဲနေတာလဲဆိုတာ အဖြေရှာဖို့ ဆေးရုံကို ရောက်ရှိနေခဲ့ပါတယ်။ အဂူရိုရဲ့ အခြေအနေက တိုးတက်လာတယ်လို့ ယုံကြည်ရပေမဲ့ နှလုံးခုံနှုန်းက ပုံမှန်ထက် ပိုမြန်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ပွဲအပြီးမှာ ဘာကာ ယာယီနည်းပြ ဘာဂျူအန်က “သူ မူးနေတယ်လို့ ပြောတာ ကျွန်တော် ကြားခဲ့ရပါတယ်။ သူ့ကို ခုဆေးရုံခေါ်သွားတယ်ဆိုတာပဲ သိရသေးပြီး ကျွန်တော် တစ်ခုခု မသိသေးခင် ဘာမှ မပြောနိုင်သေးပါဘူး” လို့ ပြောခဲ့ပါတယ်။ ပွဲချိန် ၁၈မိနစ်လောက်မှာ အဂူရိုတစ်ယောက် ကြွက်သားပြဿနာ ရှိနေတဲ့ပုံစံမျိုး ပြသခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာတော့ လူစားလဲချင်ကြောင်း နည်းပြတွေကို အချက်ပြခဲ့ပါတယ်။

အဲ့ဒီနောက် ကွင်းထဲ လှဲနေခဲ့ရပြီး ဘာစီလိုနာ ဆေးအဖွဲ့ရဲ့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ လက်ရှိ အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက် မလာသေးချိန်မှာတော့ အဂူရိုဟာ သူ့ရဲ့ လက်ရှိ အခြေအနေအရ ဆေးရုံ ခေါ်သွားဖို့ လိုအပ်လို့ ခေါ်သွားတယ်လို့ပဲ ယုံကြည်ရပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #အဂူရို #ကော်တင်ဟို