ရှေ့သို့
Image

ဗင်နီစီးရပ်စ်ကို ချန်လှပ်ပြီး ကော်တင်ဟိုကို ပြန်ရွေးခဲ့တဲ့ ဘရာဇီးနည်းပြ တီတီ

6:03 PM, 30 October

ရှက်တာဒိုးနပ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ဝါရင့်နည်းပြကြီး တီတီအတွက်တော့ ဗင်နီစီးရပ်စ်ဂျူနီယာရဲ့ခြေစွမ်းက မလုံလောက်သေးပုံပါပဲ။ ကိုလံဘီယာ၊ အာဂျင်တီးနားတို့နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ ဗင်နီစီးရပ်စ်ကို ရွေးချယ်ခြင်းမရှိခဲ့ပါဘူး။ 

တီတီရဲ့ရွေးချယ်မှုကတော့ ဗင်နီစီးရပ်စ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး သူ့အစား အေဂျက်စ်က အန်တိုနီနဲ့ လိဒ်ယူနိုက်တက်က ရာဖင်ဟာတို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ ဒါ့အပြင် ကော်တင်ဟိုကို ပြန်လည်ရွေးချယ်ထားတာကလည်း အံ့သြစရာရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟာ လက်ရှိဘာစီလိုနာအသင်းမှာ ပွဲကစားချိန်က တော်တော်လေးကို နည်းပါးနေတာပါ။ ကော်တင်ဟိုရဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကတော့ ၂၀၂၀ အောက်တိုဘာ ၁၄ ရက်နေ့က ပီရူးကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ဖြစ်ပါတယ်။

တီတီကတော့ ဗင်နီစီးရပ်စ်ရဲ့ ကြံ့ခိုင်မှုဟာ နိုင်ငံအသင်းမှာပါ ဝင်ကစားဖို့ မလုံလောက်ဘူးလို့ ယူဆတာကြောင့် မရွေးချယ်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဗင်နီစီးရပ်စ်ဟာ ဒီရာသီရီးရဲလ်မက်ဒရစ်အတွက် တော်တော်လေး ခြေစွမ်းပြသလျက်ရှိပြီး ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၇ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ 

တီတီဟာ ဗင်နီစီးရပ်စ်ကို သိပ်ပြီးသဘောမကျပဲ နိုင်ငံအသင်းအတွက် နောက်ဆုံးအရွေးခံစဉ်ကတည်းက ၂၇ မိနစ်သာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဗင်နီဇွဲလားနဲ့ပွဲမှာ ကစားခွင့်ရခဲ့ပေမယ့် ကိုလံဘီယာနဲ့ပွဲမှာ လူစာရင်းထဲပါဝင်ခွင့် မရခဲ့သလို ဥရုဂွေးနဲ့ပွဲမှာလည်း အရန်စာရင်းမှာသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ 

#တီတီ #ဗင္နီစီးယပ္စ္