ရှေ့သို့
Image

မာရာဒိုနာရဲ့ နာမည်ကျော်လက်ထိဂိုး ပုံစံအတိုင်း ဂိုးသွင်းယူမိခဲ့တဲ့ နာပိုလီလူငယ်ကစားသမား

1:13 PM, 29 October

နာပိုလီလူငယ်အသင်းရဲ့ ကစားသမားတစ်ယောက်ဟာ ရိုးမားလူငယ်အသင်းနဲ့ ပွဲစဉ်မှာ အာဂျင်တီးနား ဂန္တဝင်ကစားသမားကြီး မာရာဒိုနာရဲ့ နာမည်ကျော် Hand of God ဂိုးနဲ့တစ်ပုံစံတည်းတူတဲ့ဂိုးကို အသည်းခွဲဂိုးအဖြစ် သွင်းယူသွားခဲ့ပါတယ်။

၂-၁ နဲ့ ရှုံးနိမ့်နေချိန် ပွဲကလည်းပြီးဖို့ ၁၀ မိနစ်လောက်သာ ကျန်တော့တဲ့အချိန်မှာ ယူ ၁၆ ကစားသမားလေး ဒီယေဂိုပန်ဇိုလိုက ထောင့်ကန်ဘောကို ခေါင်းခုန်တိုက်ရာက လက်နဲ့ပုတ်ပြီး ဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ရိုးမားကစားသမားလေးတွေလည်း ဒါက လက်နဲ့ပုတ်သွားတာဖြစ်ကြောင်း ဒိုင်တွေကို အစွမ်းကုန် စောဒကတက်ခဲ့ကြပါသေးတယ်။

ပြန်လည်ပြသချက်တွေမှာလည်း ပန်ဇိုလိုဟာ လက်ကိုသိသိသာသာ မြှောက်ပြီး ဘောလုံးကိုဂိုးထဲ ပုတ်ချလိုက်တာ တွေ့ရပါတယ်။ ဒီဂိုးဟာ တစ်ချိန်က ဒီယေဂိုမာရာဒိုနာ အင်္ဂလန်အသင်းဘက်ကို သွင်းယူခဲ့ဖူးတဲ့ Hand of God ဂိုးနဲ့ တစ်ပုံစံတည်းဖြစ်နေပြီး ရည်ရွယ်ချက်နဲ့များ ပြန်လုပ်လိုက်သလားလို့ ထင်ရပါတယ်။

အာဂျင်တီးနားသားကြီးဟာ အီတလီမှာ ကစားခဲ့တဲ့ ၇ နှစ်အတွင်း စီးရီးအေ ၂ ကြိမ်၊ ကိုပါအီတလီနဲ့ UEFA ဖလားတွေကို ရရှိခဲ့ပြီး နာပိုလီအသင်းရဲ့ ဂန္တဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ မာရာဒိုနာက ၁၉၈၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းဘက်ကို သူ့ရဲ့ဘယ်ဘက်လက်သီးနဲ့ ဘောလုံးကိုပုတ်ပြီး ဂိုးသွင်းယူကာ အဲ့ဒီဂိုးဟာ လက်ရှိအချိန်ထိ ပြောစမှတ်တွင်နေဆဲ ဖြစ်ခဲ့ပါတယ်။

ဒီဂိုးကိုပေးလိုက်ရတဲ့ အင်္ဂလန်ဂိုးသမား ပီတာရှယ်လ်တန်က “ ကျွန်တော်တင်မဟုတ်ဘူး၊ အင်္ဂလန်တစ်သင်းလုံး နာကျင်ခဲ့ရတာပါ။ ဒီဂိုးက တကယ့်ကို ညစ်တဲ့ဂိုးပါ။ ဒီနေ့ခေတ်မှာ VAR ကြောင့် အတော်များများ ညည်းညူနေကြပေမယ့် အဲ့ဒီအချိန်တုန်းကသာ VAR ရှိခဲ့ရင် ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့မှာမဟုတ်ပါဘူး။ သူကိုယ်တိုင်တောင် ဝန်ခံခဲ့ပြီးတော့ ဒီဂိုးကို Hand of God ဆိုပြီး တင်စားလိုက်သေးတယ်။ ဒါပေမယ့် သူတောင်းပန်တာမျိုး နောင်တရတာမျိုး လုံးဝမရှိခဲ့ပါဘူး”

“ကျွန်တော်သူနဲ့ လုံးဝလက်ဆွဲမနှုတ်ဆက်သလို၊ ခင်မခင်ချင်ပါဘူး။ ကျွန်တော်အမြဲတမ်း ပြောခဲ့သလိုပဲ သူကဘောလုံးသမိုင်းကြောင်းရဲ့ အကောင်းဆုံး ကစားသမားပါ ဒါပေမယ့် အားကစားသမား တစ်ယောက်အနေနဲ့တော့ သူ့ကိုဘယ်တော့မှ လေးစားမှာမဟုတ်ပါဘူး ” ဆိုပြီး ပြောခဲ့ပါတယ်။

#မာရာဒိုနာ #နာပိုလီ #ပန်ဇိုလို