ရှေ့သို့
Image

ကြိုးစားအားထုတ်မှုနဲ့ အသင်းအပေါ် ပေးဆပ်မှု ကင်းမဲ့နေတယ်လို့ ယူနိုက်တက် ကြယ်ပွင့်တွေကို ရွန်းနီ စွပ်စွဲ

9:23 AM, 29 October

ယူနိုက်တက်အသင်းဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်းနီက အသင်းသားတွေအနေနဲ့ ကြိုးစားအားထုတ်မှုနဲ့ ပေးဆပ်မှု ကင်းမဲ့နေတယ်လို့ စွပ်စွဲလိုက်ပေမယ့် ဖိအားတွေအောက်ရောက်နေတဲ့ နည်းပြဆိုးလ်ရှားနဲ့ပတ်သက်လို့ ထောက်ခံဖို့ ငြင်းဆန်သွားပါတယ်။

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနည်းပြ ရွန်နီဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ဝ-၅ဂိုးနဲ့ ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့ရတာကို စိတ်မသက်မသာနဲ့ ကြည့်ရှုခဲ့ရပြီး နည်းပြဆိုးလ်ရှားအတွက်လည်း တော့တင်ဟမ်၊ အတ္တလန္တာ၊ မန်စီးတီးတို့နဲ့ကစားရမယ့် ပွဲကျပ်တွေက အဓိကကျလာနိုင်ပါတယ်။ ရွန်းနီက အသင်းဖော်ဟောင်း ဆိုးလ်ရှားအပေါ် ဟက်ဟက်ပက်ပက်ထောက်ခံဆွေးနွေးတာမျိုးမရှိပေမယ့် လက်ရှိရလဒ်ဆိုးတွေအတွက် အဓိကအားဖြင့် ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာတော့ ဆွေးနွေးသွားပါတယ်။

''ယူနိုက်တက်ရဲ့အကြီးပိုင်းတွေက ပညာတတ်တွေဖြစ်လို့ အသင်းရဲ့ရေတိုအနာဂတ်ကို ဘယ်လိုသွားမလဲဆိုတာ စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီမှာ ဆိုးလ်ရှားနဲ့သွားမလား၊ ဆိုးလ်ရှားမရှိဘဲသွားမလားဆိုတာလည်း ပါမှာပေါ့။ ကစားသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်သင့်ပါတယ်။ ကစားသမားတွေအနေနဲ့ လစာအများကြီးယူထားပြီး အလုပ်လုံလုံလောက်လောက်မလုပ်ဘူးလို့ထင်ပါတယ်''

''သူတို့ဟာ ကမ္ဘာ့အဆင့်၊ လက်ရွေးစင်အဆင့်ကစားသမားတွေဖြစ်ပြီး ကြီးမားတဲ့ တာဝန်ယူမှုလည်း ရှိပါတယ်။ ရှုံးပွဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်း သူတို့အနေနဲ့ သိပ်ပြီးခံစားနေလို့မရဘူး။ အခုတော့ ယူနိုက်တက် ကစားသမားအများစုက နောက်ပြန်မဆင်းချင်ကြဘူး၊ ခံစစ်ဆင်းမကစားချင်ကြဘူး။ အရာအားလုံး ပေးဆပ်မကစားချင်ကြဘူး။ ဒါတွေက နည်းပြရဲ့အမှားလား၊ ကစားသမားတွေရဲ့အမှားလားဆိုတာတော့ ကျွန်တော်လည်း မသိဘူး''လို့ ရွန်းနီက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #ဆိုးလ်ရှား