ရှေ့သို့
Image

အီဂျစ်ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ အတုယူစရာပုဂ္ဂိုလ်အဖြစ် ပါဝင်လာတဲ့ ဆာလက်

12:35 PM, 28 October

၂၉ နှစ်အရွယ် တောင်ပံကစားသမားဟာ ကွင်းတွင်းကွင်းပြင် အောင်မြင်မှုတွေ ဆက်တိုက်ရယူနေရုံတင်မကပဲ အခုဆိုရင် မြောက်အာဖရိကနိုင်ငံတွေရဲ့ အဓိကအခြေခံပညာ သင်ရိုးညွှန်းတမ်းမှာပါ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ လီဗာပူးကြယ်ပွင့်ရဲ့ ဘဝအကြောင်းကို လာမယ့်နှစ်ကစပြီး ပထမတန်းနဲ့ ဒုတိယတန်း ကျောင်းသူကျောင်းသားတွေကို စတင်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေအနေနဲ့ ဆာလက်ရဲ့ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် ဘောလုံးကွင်းထဲကနေ ပံ့ပိုးကူညီပေးပုံတွေကို သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယတန်းကျောင်းသားတွေကတော့ ဆာလက်ရဲ့ ကွင်းပြင်ပစွန့်စားမှုတွေနဲ့ ပရဟိတလုပ်ငန်းတွေအကြောင်းကိုပါ သင်ယူရမှာဖြစ်ပြီး နိုင်ငံရဲ့ သူရဲကောင်းတစ်ဦးအဖြစ် မှတ်ယူလာစေမှာ ဖြစ်ပါတယ်။

ဖတ်စာအုပ်ထဲက ကောက်နုတ်ချက်တစ်ခုမှာဆိုရင် “ ဆာလက်ဟာ လူငယ်တွေကို သူ့လိုမျိုးပဲ အောင်မြင်မှု အခွင့်အလမ်းတွေ ရရှိစေချင်တာကြောင့် လူတိုင်းကို ကူညီပေးဖို့ အမြဲတမ်း ဆန္ဒရှိပါတယ်။ အီဂျစ်လူမျိုးတွေက ပျော်စရာတွေဖန်တီးသူလို့ နာမည်ပြောင်ပေးခဲ့တဲ့အထိ ဆာလက်ဟာ သန်းနဲ့ချီတဲ့ အီဂျစ်လူမျိုးတွေရဲ့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ် ” ဆိုပြီး ရေးသားထားပါတယ်။

မွတ်ဆလင်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ဆာလက်ဟာ ဆော်ဒီက သူတို့ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်မြို့တစ်ခုဖြစ်တဲ့ မက်ကာကို အစွဲပြုပြီး သူ့သမီးလေးကိုလည်း မက်ကာလို့ နာမည်ပေးထားကြောင်း ပုံတွေနဲ့အတူ အကျယ်တဝင့် ဖော်ပြထားပါတယ်။ ဒါ့အပြင် ကလေးတွေအနေနဲ့ လက်ရှိဆာလက်ရဲ့ မာဆေးဆိုက်က အောင်မြင်မှုတွေအကြောင်းကိုလည်း အများအပြား သင်ယူရမှာ ဖြစ်ပါတယ်။

ကြိုးကြာနီကြယ်ပွင့်ဟာ ဒီရာသီမှာ အသင်းနဲ့အတူ စံချိန်တွေရိုက်ချိုးလျက်ရှိပြီး နောက်ထပ် စံချိန်သစ်တွေကိုလည်း မှတ်တမ်းတင်သွားနိုင်ဖို့ ရှိနေပါတယ်။ ဆာလက်ဟာ ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲစဉ်တွေမှာ ၅ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်က မန်ချက်စတာယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ဲတဲ့ ပွဲစဉ်မှာဆိုရင်လည်း စံချိန်တွေ အများအပြား ရိုက်ချိုးနိုင်ခဲ့ပါသေးတယ်။

ယူနိုက်တက်နဲ့ပွဲက ဟတ်ထရစ်ကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ အာဖရိကသားအဖြစ် သွင်းဂိုး ၁၀၇ ဂိုးနဲ့ စံချိန်တင်ထားတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဒီဒီယာဒရော့ဘာရဲ့ စံချိန်ကိုလည်း လိုက်မီသွားခဲ့ပါတယ်။ အခုမှရာသီအစပဲ ရှိသေးတာကြောင့် ဆာလက်ဟာ ဒရော့ဘာရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ဖို့ကလည်း သေချာနေပါပြီ။ ဒါ့အပြင် ယူနိုက်တက်ရဲ့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၂၀၀၂-၀၂ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘရာဇီးဂန္တဝင်ကြီး ရော်နယ်ဒို ဟတ်ထရစ်သွင်းပြီးနောက်ပိုင်း ဆာလက်က ပထမဆုံးအကြိမ် ဟတ်ထရစ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစာရသေးပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ ၁၅ ဂိုးထိ သွင်းယူထားပြီး ၁၀ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး Kop star တစ်ယောက်လည်း ဖြစ်လာပါတယ်။ ဆာလက်ရဲ့ ကျော်ကြားမှုနဲ့အတူ အီဂျစ်နိုင်ငံမှာ လီဗာပူးပရိသတ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပြီး ပွဲတိုင်းလိုလို နိုင်ငံတစ်ဝှမ်းက ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တွေမှာ လူအုံခဲအားပေးတဲ့အထိ ဖြစ်နေပါပြီ။

ဆာလက်ဟာ ကမ္ဘာ့အကျော်ကြားဆုံး ကြယ်တစ်ပွင့်ဖြစ်လာပေမယ့် မာနထောင်လွှားခြင်းမရှိပဲ ဇာတိနိုင်ငံနဲ့ လီဗာပူးအတွက် လိုအပ်သမျှ အရာအားလုံးကို လှူဒါန်းကာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ဆာလက်ဟာ သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကို ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်လုပ်ရာမှာ အသုံးချလျက်ရှိပြီး ဆင်းရဲတဲ့ မိသားစုတွေကို အခမဲ့ဆေးကုသမှုတွေပေးခြင်း၊ သူ့ရဲ့မွေးရပ်မြေမှာ အရေးပေါ်ကားတွေ ထူထောင်ပေးခြင်း စတဲ့ အလှူအတန်းများစွာကို ပြုလုပ်ခဲ့ပါတယ်။

စီးပွားရေးကပ်ဆိုက်နေလို့ ဖိအားတွေရှိနေတဲ့ အီဂျစ်အစိုးရကိုတောင် ပေါင် ၂၂၀၀၀၀ အောက် အလှူငွေတွေကို လှူဒါန်းခဲ့ပါတယ်။ ဆာလက်က အခုလို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ဆက်တိုက်ရယူပေးနေပေမယ့်လည်း လီဗာပူးကတော့ သူ့ကိုစာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းလာခြင်း မရှိသေးပါဘူး။ ဆာလက်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂ နှစ်သာ ကျန်ပါတော့တယ်။

#လီဗာပူး #အီဂျစ် #ဆာလက် #ရော်နယ်ဒို #ဒရော့ဘာ