ရှေ့သို့
Image

နေမာရဲ့ တိုက်တွန်းမှုနဲ့အတူ ရာဖင်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ပီအက်စ်ဂျီ

9:46 AM, 28 October

သတင်းတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ လီဗာပူးအပါအဝင် ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ဘရာဇီးလက်ရွေးစင် ရာဖင်ဟာဟာ ယခုရာသီမှာ အထူးခြေစွမ်းပြနေပြီး လိဂ် ၈ပွဲမှာ ၃ဂိုးသွင်းယူထားပါတယ်။

ဘာစီလိုနာနဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်းလည်းဖြစ်၊ ရာဖင်ဟာရဲ့အေးဂျင့်လည်းဖြစ်တဲ့ ဒေကိုက လီဗာပူးအနေနဲ့ ရာဖင်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ မကြာသေးခင်ကမှ အတည်ပြုထားပါတယ်။ ဒါ့အပြင် TeamTalk သတင်းဌာနရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီကလည်း တိုက်စစ်မှူး နေမာရဲ့ ထောက်ခံချက်နဲ့အတူ ရာဖင်ဟာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ရာဖင်ဟာနဲ့ နေမာတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အတူတွဲကစားခဲ့ပြီး ရာဖင်ဟာက ပထမဆုံးပွဲအဖြစ် ဗင်နီဇွဲလားကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ရာမှာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သလို ဦးစားပေးအဖြစ် ပထမဆုံးကစားခွင့်ရခဲ့ဲတဲ့ ဥရုဂွေးကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒေကိုက လိဒ်စ်ယူနိုက်တက်အနေနဲ့ ရာဖင်ဟာကို အနည်းဆုံးနောက်ရာသီအထိ အသင်းမှာ ဆက်ထိန်းထားချင်နေတယ်လို့ ဖွင့်ဟခဲ့ပေမယ့် သူ့ရဲ့ရေရှည်အနာဂတ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာရှိနေပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ရာဖင်ဟာ #နေမာ