ရှေ့သို့
Image

ကိုးမန်းကို ထုတ်ပယ်လိုက်ပြီးနောက် ဇာဗီကို ကမ်းလှမ်းလိုက်ပြီဖြစ်တဲ့ ဘာစီလိုနာ

8:26 AM, 28 October

ဘာစီလိုနာအသင်းဟာ ဗယ်လက်ကာနိုကို အရေးနိမ့်လိုက်ပြီးနောက် နည်းပြရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ယခုအခါ Goal သတင်းဌာနက အသင်းအနေနဲ့ နည်းပြသစ်နေရာအတွက် ကစားသမားဟောင်း ဇာဗီကို ကမ်းလှမ်းထားတယ်လို့ အတည်ပြုပါတယ်။

ဘာစီလိုနာဟာ လာလီဂါရာသီအဖွင့် ၁၀ပွဲမှာ ၄ပွဲသာအနိုင်ရကာ အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာ ရောက်သွားပြီးနောက် နည်းပြကိုးမန်းလည်း ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ရုန်းကန်နေရပါတယ်။ ကိုးမန်းဟာ ဘာစီလိုနာနည်းပြအဖြစ် တစ်နှစ်ကျော်သာ တာဝန်ယူခွင့်ရခဲ့ပြီး ဘာစီလိုနာအသင်းက နည်းပြသစ်နေရာအတွက် အမြန်ဆုံးခန့်အပ်ဖွယ်ရှိနေရာ အယ်လ်ဆတ်အသင်းနည်းပြ ဇာဗီကို ကမ်းလှမ်းထားတယ်လို့ Goal က အတည်ပြုပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ဇာဗီဟာ ကာတာကလပ်နဲ့ စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းချုပ်ဆိုထားပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေသလို နူးကမ့်အခြေစိုက်အသင်းကလည်း အသက် ၄၁နှစ်အရွယ်ရှိ ဇာဗီကို ခေါ်ယူနိုင်ဖို့လိုအပ်တဲ့လျော်ကြေး ပေးချေဖို့ အသင့်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပေါင်းများစွာကတည်းက ကိုးမန်းအပေါ် ယုံကြည်မှုပျောက်ဆုံးခဲ့ပြီးဖြစ်ပေမယ့် အခုကျမှ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး ဗယ်လက်ာကာနိုကို ၁-၀ ဂိုးနဲ့ အရေးမနိမ့်ခင် ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ရီးရဲလ်ကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါသေးတယ်။

ကိုးမန်းဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကို ၈-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆက်တီယန်ရဲ့နေရာမှာ ဘာစီလိုနာနည်းပြသစ်အဖြစ်၂၀၂၀ သြဂုတ်လက ခန့်အပ်ခံခဲ့ရပြီး ယမန်နှစ်ရာသီက စပိန်ဘုရင့်ဖလားရယူနိုင်ခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ကိုးလ်မန်း